အကျဉ်းထောင်အသစ်တွေ တည်ဆောက်

  • 21 ဩဂုတ် 2017
Image caption အကျဉ်းထောင်နဲ့ အကျဉ်းသားဦးရေ မမျှမတဖြစ်နေ

မြန်မာ နိုင်ငံမှာ လူဦးရေ ၁၀၀၀ ဆံ့မယ့် အကျဉ်းထောင် အသစ်တွေ တိုးချဲ့ တည်ဆောက်နေတယ်လို့ အကျဉ်း ဦးစီးဌာနက ပြောပါတယ်။

အကျဉ်းထောင် အသစ်တွေ ထပ်မံတည်ဆောက် သွားမယ့် နေရာတွေကတော့ ပဲခူးတိုင်း ဒိုက်ဦး၊ မွန်ပြည်နယ် ကျိုက်မရော၊ ကချင်ပြည်နယ် မိုးညှင်းမြို့တွေမှာဖြစ်ပါတယ်။

ဒီလိုအကျဉ်းထောင်တွေ ထပ်မံတိုးချဲ့တည်ဆောက်နေတာဟာ ဝေးလံတဲ့ ဒေသတွေမှာ ရှိတဲ့ အကျဉ်းသားတွေ သွားလာ ပို့ဆောင်ရေး လွယ်ကူအောင် ရည်ရွယ်တာဖြစ်တယ်လို့ အကျဉ်းဦးစီး ဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ဘီဘီစီကို ပြောပါတယ်။

ကချင်ပြည်နယ်မှာဆို မြစ်ကြီးနားထောင် တစ်ခုထဲမှာပဲ ထောင်ကျအကျဉ်းသားရော၊ အချုပ်ကျ အမှုရင်ဆိုင်ဆဲ အကျဉ်းသားတွေ စုပေါင်းထားရှိ နေရသလိုပဲ၊ ပဲခူးထောင်ဆိုလည်း မြို့ထဲမှာ ရှိနေတဲ့အတွက် လုံခြုံရေးအရ ထောင်ကျအကျဉ်းသားတွေကို ဒိုက်ဦးမှာ ထားမယ်ဆိုတဲ့ အစီအစဉ်မျိုးနဲ့ လုပ်တာလို့ ဦးမင်းထွန်းစိုးက ပြောပါတယ်။

ဒီအကျဉ်းထောင် သုံးခုကို အရင်အစိုးရ လက်ထက်ကတည်းက တည်ဆောက်ခဲ့တာ ဖြစ်ပြီး မိုးညှင်းထောင်ကို တော့ ဖွင့်လှစ်ပြီးစီးသွားပြီလို့ ဆိုပါတယ်။ ဒိုက်ဦးနဲ့ ကျိုက်မရောထောင်ကိုတော့ ဒီနှစ်ကုန်မှာ ဖွင့်လှစ်သွားဖို့ စီစဉ်နေပြီး မကွေးတိုင်းမှာလည်း အကျဉ်းထောင်တစ်ခု ထပ်မံတည်ဆောက် သွားဖို့ ရှိတယ်လို့ သိရပါ တယ်။

အကျဉ်းထောင်တွေ ထပ်မံတိုးချဲ့တာဟာ တစ်ပိုင်းက ကြည့်ရင် ထောင်ထဲမှာ အကျဉ်းသားတွေ စုပြုံ ပြွတ်သိပ်ထားရှိနေရတဲ့ အခက်အခဲကို ဖြေရှင်းပေးတာမို့ ကောင်းပေမယ့် ထောင်ထဲမှာ အကျဉ်းသားတွေ များနေရတာက ဥပဒေစိုးမိုးမှု အားနည်းတာကို ပြနေတာမို့လည်း အဲဒီအပိုင်းကို ပြုပြင်ဖို့ လိုပါလိမ့်မယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့က ကိုသက်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အကျဉ်းထောင် ၄၀ ကျော် ရှိပြီး အကျဉ်းသားဦးရေက ရှစ်သောင်းကျော် ရှိနေပါတယ်။

အကျဉ်းထောင်တွေကို အဆင့်သတ်မှတ်ချက် အနေနဲ့ လူ ၁၀၀ဝဆံ့ ထောင်ကို (က) အဆင့်၊ လူ၅၀၀ ဆံ့ ထောင်ကို (ခ) အဆင့်နဲ့ (ဂ) အဆင့်၊ လူ ၃၀၀ ဆံ့ထောင်ကို (ဃ)အဆင့် အဖြစ် သတ်မှတ်ထားခဲ့ ပါတယ်။

ဒါပေမဲ့ အခုနောက်ပိုင်းမှာ ကျန်တဲ့အဆင့် နှစ်ခုကို ဖျက်သိမ်းလိုက်ပြီး ထောင်အားလုံးကို (က)နဲ့ (ခ)အဆင့် ထောင်တွေအဖြစ် ပြောင်းလဲ သတ်မှတ် လိုက်ပါတယ်။

ဒီလို ထောင်အဆင့်သတ်မှတ်ချက် တွေကို တိုးမြှင့်သတ်မှတ်လိုက်ပေမဲ့ အဆောက်အဦတွေကိုတော့ လိုက်ပါ တိုးချဲ့နိုင်ခြင်း မရှိတဲ့အတွက် အကျဉ်းသားတွေဟာ တစ်ထောင်ချင်းအလိုက် သတ်မှတ်ဦးရေထက် ပိုပြီး နေထိုင် နေနေကြရဆဲ ဖြစ်ပါတယ်။