နန်းယွင်းနဲ့ လဟယ် မြို့နယ်ထဲ ဆန်ပြတ်တောက်နေ

  • 21 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် UNICEF Myanmar
Image caption အခြေခံ စားသောက်ကုန် ပြတ်လပ်နေ

စစ်ကိုင်းတိုင်း ဒေသကြီးထဲက နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသထဲက တချို့ နေရာတွေမှာ ဆန် အပါအဝင် စားနပ် ရိက္ခာ ပြတ်လပ်မှု ဖြစ်နေတယ် ဆိုပြီး လူမှု ကူညီရေး လုပ်ဆောင် နေသူတွေက ပြောပါတယ်။

အဲဒီ ဒေသဆီ ကုန်ပစ္စည်းတွေ စီးဝင်ရာ လမ်းကြောင်း ဖြစ်တဲ့ လီဒို လမ်းမကြီးပေါ်မှာ ကချင် လက်နက်ကိုင် KIA နဲ့ တိုက်ပွဲ ဖြစ်နေတဲ့ အစိုးရတပ်က ကုန်စည် စီးဆင်းမှုကို ဖြတ်တောက် ထားတာ လ အတန်ကြာ ရှိ နေပြီ ဖြစ်ပါတယ်။

ဒါ့အပြင်၊ အိန္ဒိယ ဘက်ကလည်း မြန်မာပြည်ဘက် ဆန်၊ ဆား တင်သွင်းမှု ပိတ်ထားတဲ့ အတွက် နန်းယွင်းနဲ့ လဟယ် မြို့နယ်ထဲက အရပ်တွေမှာ အခြေခံ စားသောက်ကုန် ပြတ်လပ် နေတာ ဖြစ်တယ် ဆိုပြီး နာဂဒေသ ဖွံ့ဖြိုးရေး လုပ်နေတဲ့ အဖွဲ့အစည်းတွေက ဆိုပါတယ်။

ဝမ်းစာ စပါး လုံးဝ မရှိလို့ တောထဲက ရရာ အသီး အရွက်တွေ ပြုတ်စား နေရသူတွေ ရှိနေကြ တယ်လို့ ရှားနား လူမှု အဖွဲ့က ဘီဘီစီကို ပြောပါတယ်။

စပါးသစ် ပေါ်ချိန် ၂ လ လောက်လို သေးတာ ဖြစ်လို့ ဒီ ကြားကာလထဲ အဲဒီ အရပ်တွေမှာ လိုအပ်တဲ့ ထောက်ပံ့မှုတွေ ပြုလုပ် မပေးနိုင်ရင် အဟာရ ပြတ်တောက်ကုန်မယ့် အန္တရာယ် ရှိနေတယ် ဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်ပေါ် နေပါတယ်။

လမ်းပမ်း ဆက်သွယ်ရေး ခက်တဲ့ ဝေးလံ ခေါင်သီတဲ့ နာဂ ဒေသမှာ ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်အောင် ရှိမနေပဲ အခုလို စားနပ် ရိက္ခာ ပြတ်တဲ့ အဖြစ် ကြုံ နေရပြန်လို့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်ပေါ် လာနိုင်တယ်လို့ လူမှုရေး လုပ်ဆောင်သူတွေက ပြောပါတယ်။