နမ္မတီး ကဆုန့် စစ်ဘေးရှောင်တွေ နေရပ် ပြန်မယ်

  • 22 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် SENG MAI
Image caption ကချင်စစ်ဘေးဒုက္ခသည်များ

မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေး တပ် (KIA) တို့ရဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ နမ္မတီးမြို့ ကဆုန့် ဒေသက စစ်ဘေးသင့်သူတွေဟာ သူတို့ လာရောက်ခိုလှုံနေတဲ့ နမ္မတီး ခရစ်ယာန် ဘုရားကျောင်းကနေ နေရပ်ပြန်မယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်တွေရဲ့ သဘောဆန္ဒအရ စခန်းတာဝန်ရှိသူတွေနဲ့ အာဏာပိုင်တွေက သူတို့ကို နေရပ် ပြန်လည်ပို့ဆောင်ပေးဖို့ စီစဉ်နေကြတယ် ဆိုပါတယ်။

မူရင်းဒေသမှာ အပြည့်အဝ လုံခြုံစိတ်ချမှု မရှိသေးပေမယ့် အိုးပစ်အိမ်ပစ် ကျွဲ၊ နွား၊ မြေယာတွေ ပစ်ပယ်ပြီး ဘုရားကျောင်းမှာ ပြွတ်သိပ် ကျပ်တည်းစွာ လာနေရတဲ့အတွက် ပြန်ဖို့ ဆုံးဖြတ်ကြတာဖြစ်တယ်လို့ နမ္မတီး ဒုက္ခသည်စခန်း တာဝန်ခံ သိက္ခာတော်ရ ဆရာလရိန်က ဘီဘီစီကို ပြောပါတယ်။

ပြန်ဖို့အတွက် ပြည်နယ်အစိုးရက မော်တော်ယာဉ်တွေ စီစဉ်ပေးမှာဖြစ်ပါတယ်။ သူတို့တွေ အိမ်ပြန်မယ်ဆိုပေမယ့် ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့ တိုက်ပွဲတွေအတွင်း သူတို့ရွာက နေအိမ်တွေ ဘယ်လောက် ပျက်စီးသွားသလဲဆိုတာကိုတော့ သေချာမသိကြသေးဘူးလို့ ဆရာလရိန်က ပြောပါတယ်။

ကဆုန့်ကျေးရွာက ဒေသခံ ၁,ဝ၀ဝ ကျော်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့က နေရပ်စွန့်ခွာ ထွက်ပြေးလာခဲ့ကြတာပါ။ သူတို့ကို ကူညီမယ့် ကချင်လူမှုကူညီရေးအဖွဲ့တဖွဲ့ကို လိုင်စင်မဲ့ ကားတွေ အသုံးပြုမှုနဲ့ အာဏာပိုင်တွေက တားဆီးတဲ့ ဖြစ်စဉ်လည်း ပြီးခဲ့တဲ့ ရက်တွေ အတွင်း ဖြစ်ပွားခဲ့ပါတယ်။

ဘီဘီစီ တဝန်း