အိန္ဒိယက မြန်မာ့ပဲ တင်သွင်းမှုကို ကန့်သတ်

  • 22 ဩဂုတ် 2017
Image caption မြန်မာနိုင်ငံက အိန္ဒိယကို ပဲတန်ချိန် တစ်နှစ် ၅ သိမ်းကျော်တင်ပို့နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကပဲတွေကိုအဓိကဝယ်ယူနေတဲ့ အိန္ဒိယနိုင်ငံက မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲစဉ်းငုံ ၃ မျိုးကို တင်သွင်းခွင့်ကန့် သတ်လိုက်ပါတယ်။

အရင်ကတော့ လွတ်လပ်စွာ တင်သွင်းခွင့် ပြုထားတဲ့ အတွက် မြန်မာနိုင်ငံကလည်း အိန္ဒိယနိုင်ငံကို ပဲတန်ချိန် များစွာ တင်ပို့ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံက ထွက်တဲ့ မတ်ပဲနဲ့ ပဲတီးစိမ်းကို အဓိက ဝယ်ယူနေတဲ့ နိုင်ငံပါ။ ဒါပေမဲ့ သူ့ နိုင်ငံက တောင်သူတွေ ပဲဈေးကောင်း ရအောင် ပြည်ပနိုင်ငံက ပဲတင်သွင်းခွင့်ကို ကန့်သတ်လိုက်တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ပဲကုန်သည်အသင်း တွဲဖက်အတွင်းရေးမှူး ဒေါက်တာကျော်ဝင်းက ပြောပါတယ်။

သြဂုတ်လ ၄ ရက်နေ့က စလို့ ပဲစဉ်းငုံကို စတင် ကန့်သတ်ခဲ့ပြီး သြဂုတ်လ ၂၁ ရက်နေ့ မှာတော့ ကျန်တဲ့ ပဲ နှစ်မျိုးကိုပါ ဆက် ကန့်သတ် လာတာဖြစ်ပါတယ်။

အခုလို ကန့်သတ်လိုက်တဲ့အတွက် မတ်ပဲတစ်တန်ကို ကျပ် ၈ သိန်းခွဲလောက် ရှိနေရာကနေ သြဂုတ်လ ၂၂ ရက်နေ့ မနက် ကုန်စည်ဒိုင် စဖွင့်တဲ့အချိန်မှာ ကျပ် ၇ သိန်းလောက်ထိ ကျဆင်းသွားခဲ့တယ်လို့ ဘုရင့်နောင်အခြေစိုက် ကုန်သည်တွေက ပြောပါတယ်။

အဲဒီလို ဈေးကျဆင်းသွားတာကြောင့် ပဲဈေးကွက် ပျက်သွားမှာစိုးတဲ့အတွက် ဘုရင့်နောင် ကုန်စည်ဒိုင်မှာလည်း ပဲ ရောင်းဝယ်မှုကို အကန့်အသတ်မရှိ ရပ်ဆိုင်းထားလိုက်ပါတယ်။

အခု အိန္ဒိယက ကန့်သတ်လိုက်တဲ့ မတ်ပဲနဲ့ ပဲတီစိမ်းတွေဟာ တောင်သူတွေ အားထားတဲ့ ဆောင်းသီးနှံတွေ ဖြစ်ပါတယ်။ ပဲစိုက်တောင်သူတွေကတော့ ပဲ အဝယ်မရှိရင် စပါးလို တခြားသီးနှံတွေလည်း ပြောင်းလဲ စိုက်ဖို့ အခက်အခဲတွေ အများကြီး ရှိနေပါတယ်လို့ ပြောပါတယ်။

အခုလိုအိန္ဒိယက ပဲတွင်သွင်းခွင့် ကန့်သတ်လိုက်တာနဲ့ ပတ်သက်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေနဲ့ ပဲကုန်သည်တွေနဲ့ မကြာခင် ခေါ်ယူတွေ့ဆုံ ဆွေးနွေးဖို့ရှိတယ်လို့ ဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန်က က ပြောပါတယ်။

မြန်မာနိုင်ငံက အိန္ဒိယကို တစ်နှစ် ပဲတန်ချိန် ၅ သိန်းကျော် တင်ပို့နေတာဖြစ်ပြီး ဒီနှစ်ထဲမှာတော့ မတ်ပဲတန်ချိန် ၃ သိန်း လောက်ပဲ တင်ပို့ထားရပါသေးတယ်လို့ သိရပါတယ်။