ဌာနချုပ် လက်နက်ကြီးနဲ့ အတိုက်ခံရတယ်လို့ ALP ပြော

  • 22 ဩဂုတ် 2017
Image caption အဖွဲ့နှစ်ဖွဲ့ကြားမှာ နယ်မြေ ပိုင်စိုးရေး ပြဿနာ ရှိနေ

မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံ နယ်စပ် အနီးမှာ ရခိုင် လူမျိုးစု လက်နက်ကိုင် အဖွဲ့ နှစ်ဖွဲ့ ဖြစ်တဲ့ ရက္ခိုင့်တပ်မတော် AA နဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ကြား တိုက်ပွဲ ဖြစ်ခဲ့ပြီး လူ အသေအပျောက် ရှိခဲ့ပါတယ်။

ဩဂုတ်လ ၂၂ ရက်၊ အင်္ဂါနေ့ နေ့လယ်ပိုင်းက ALP ဌာနချုပ်ကို AA က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဝင်တိုက် ခဲ့တယ်လို့ ALP ဘက်က ပြောပါတယ်။

အဲဒီ တိုက်ပွဲမှာ အတည်ပြု ထားနိုင်သမျှ ALP ဘက်က သေဆုံးသူ တစ်ယောက် ရှိတယ်လို့လည်း ဆိုပါတယ်။

တိုက်ပွဲဟာ ပြင်းထန်တဲ့ အတွက် အသေအပျောက် အကျအဆုံး များနိုင်တယ် ဆိုတဲ့ ခန့်မှန်း ပြောဆိုမှုတွေ ထွက်ပေါ် နေပါတယ်။

ဒီလို ရခိုင် နှစ်ဖွဲ့အကြား တိုက်ပွဲ ဖြစ်ရတဲ့ အကြောင်းရင်းခံကို ရှင်းရှင်းလင်းလင်း မသိရ သေးပေမယ့်၊ ALP အဖွဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်စောမြရာဇာလင်းကတော့ အဖွဲ့နှစ်ဖွဲ့ကြားမှာ နယ်မြေ ပိုင်စိုးရေး ပြဿနာ ရှိနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

တိုက်ပွဲ မဖြစ်ခင် တစ်ညကလည်း ALP အဖွဲ့ဝင် နှစ်ယောက်ကို AA ဘက်က ဖမ်းခေါ် သွားတယ်လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

အခု ပဋိပက္ခနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ AA နဲ့တော့ အဆက်အသွယ် မရသေးဘူး ဆိုပြီး ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

အရင်နှစ်ပိုင်းတွေကလည်း အဲဒီ နှစ်ဖွဲ့အကြား ထိပ်တိုက်တွေ့မှုတွေ ရှိခဲ့ပြီး ပစ်ကြခတ်ကြတဲ့ အထိ ဖြစ်ခဲ့တာတွေ ရှိခဲ့ပါတယ်။