အမျိုးသားရေး ဆရာတော်တွေ အာမခံ ပယ်ချခံရ

  • 23 ဩဂုတ် 2017
Image caption အမှုရုံးချိန်းမှာ အမျိုးသားရေး ဆရာတော်တွေကို လာရောက်ဝိုင်းရံသူတွေ

လက်ရှိအစိုးရရဲ့ လုပ်ရပ်တွေကို မကြိုက်လို့ဆိုပြီး အစိုးရ နုတ်ထွက်ပေးဖို့ မန္တလေး မဟာမုနိ ဘုရားကြီးနားမှာ သပိတ်စခန်း ဖွင့်လှစ်ခဲ့တဲ့အတွက် ဇူလိုင် ၂၉ရက်နေ့က အဖမ်းခံခဲ့ရတဲ့ သံဃာတချို့နဲ့ လူတချို့ကို မန္တလေး ချမ်းမြသာစည်မြို့နယ် တရားရုံးမှာ သြဂုတ်လ ၂၃ရက်နေ့မှာ ဒုတိယအကြိမ် ရုံးထုတ်ခဲ့ရာမှာ အမျိုးသားရေး ဆရာတော်လို့ လူသိများတဲ့ တောင်သာလေး ဆရာတော် ဦးအဂ္ဂဓဇ အပါအဝင် သံဃာ ၆ပါးနဲ့ လူ ၁ယောက်ကို အာမခံ ပယ်ချလိုက်ပါတယ်။

ခရိုင်သာသနာရေးမှူးက တရားလိုလုပ်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ သံဃာ ၈ပါးကို တရားစွဲထားတာ ဖြစ်ပေမယ့် ၂ပါးကတော့ တိမ်းရှောင်နေပါတယ်။

ချမ်းမြသာစည်မြို့နယ် အုပ်ချုပ်ရေးမှူးက တရားလိုလုပ် စွဲဆိုထားတာကတော့ လူ ၅ယောက်ဖြစ်ပေမယ့် ကိုကျော်မျိုးရွှေတယောက်သာ ဖမ်းမိသေးတဲ့အတွက် နောက်ထပ် ၄ယောက်ကို ဖမ်းဝရမ်း ထုတ်ထားပါတယ်။

ဒီကနေ့ သြဂုတ်လ ၂၃ရက်နေ့အထိ သူတို့ကို ဖမ်းမမိသေးတဲ့အတွက် ဖမ်းဝရမ်းကို ဩဂုတ်လ ၃၀ရက်နေ့ အထိ သက်တမ်းတိုးပေးထားကြောင်းနဲ့ ဒါမှ မမိဘူးဆိုရင် လုပ်ထုံးလုပ်နည်းအရ အမှုဆက်စစ်တော့မယ့်အကြောင်း ချမ်းမြသာစည်တရားရုံးရဲ့ သတင်းပြန်ကြားရေးအရာရှိ တွဲဖက်တရားသူကြီး ဦးကျော်စွာလင်းက ဘီဘီစီကို ပြောပါတယ်။

ရုံးထုတ်ရာမှာ အမျိုးသားရေး ဆရာတော်တွေကို ဝန်းရံတဲ့ အင်အားက ၂၀ဝနီးပါး ရှိတာကြောင့် လုံခြုံရေးကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်ထားတာတွေ့ရပါတယ်။

နောက်ရုံးချိန်းကိုတော့ စက်တင်ဘာ ၆ ရက်နေ့သတ်မှတ်ထားပြီး တရားလို ခရိုင်သာသနာရေး ဦးစီးမှူးကို စတင် စစ်ဆေးတော့မှာ ဖြစ်ပါတယ်။