ကိုဖီအာနန် အကြံပြုချက်၊ ပြည်ထောင်စု ဝန်ကြီး တုံ့ပြန်

  • 24 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption နိုင်ငံသား ဖြစ်မှု အတွက် ဖြေလျော့မှုတွေ လုပ်ပေးဖို့ အကြံပြု

ရခိုင်ပဋိပက္ခ နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက် အစီရင်ခံစာ အပေါ် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဦးဝင်းမြတ်အေးက တုံ့ပြန် ပြောကြားလိုက် ပါတယ်။

ကိုဖီအာနန် ကော်မရှင်ဟာ အကြံပေး ဖို့ သာ ဖြစ်တဲ့ အတွက် သူတို့ ပြောတဲ့ အတိုင်း ၁၀၀ ရာခိုင်နှုန်း လုပ်စရာ မလို ကြောင်းနဲ့ ကိုယ့် နိုင်ငံ အတွက် အကျိုးရှိမယ့် အကြံပြုချက်တွေ ကိုတော့ အမြန်ဆောင်ရွက်မှ ဖြစ်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာ ချထားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဦးဝင်းမြတ်အေး က ပြောကြား သွားတာပါ။

ရခိုင်မြောက်ပိုင်း ဒေသက မွတ်ဆလင်တွေ နိုင်ငံသား ဖြစ်မှု အတွက် ဖြေလျော့ မှုတွေ လုပ်ပေးဖို့ အကြံပြုချက် အပေါ် ဝန်ကြီးက နိုင်ငံသား ဖြစ်ပိုင်ခွင့် ရှိမရှိ စိစစ် ဆောင်ရွက်မှု လုပ်ငန်း စဉ်ထဲကို အဲဒီ မွတ်ဆလင်တွေ အနေနဲ့ ဝင်လာမျိုး မရှိတဲ့ အတွက် အခက် အခဲ ဖြစ်နေရ တာလို့ ဆိုပါတယ်။

လူသားချင်းစာနာ ထောက်ထားမှု အကူ အညီ အပိုင်းနဲ့ ဒုက္ခသည် စခန်းတွေ နေရာချ ထားရေး အပိုင်း မှာလည်း အကြံပြုချက်တွေ ကတော့ ကောင်းမွန်ကြောင်း ဒါပေမယ့် ကမန် လူမျိုးတွေကို နေရာ ချထားရေးမှာ အာနန် ကော်မရှင်ရဲ့ ထောက်ပြ ဝေဖန်မှု ကိုတော့ လက်မခံ နိုင်ဘူးလို့ ဆိုပါတယ်။

အကြောင်း ကတော့ ဒီကော်မရှင် အနေနဲ့ သတင်း ဌာနတွေရဲ့ သတင်း ထုတ်ပြန်ချက် ကိုသာ ကြည့်ပြီး တကယ့် ဖြစ်ရပ် မှန်ကို မသိဘဲ ပြောကြား ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင် အရေးနဲ့ ပတ်သက်ပြီး လုပ်ငန်း ကော်မတီ လေးခု ဖွဲ့ပြီး ဆောင်ရွက် နေတာ ဖြစ်တယ်လို့ သူက ပြောကြား သွားခဲ့ ပါတယ်။

ဝန်ကြီး ဦးဝင်းမြတ်အေး ဟာ ရခိုင်ဒေသ အရေး နဲ့ ပတ်သက်ပြီး ဒေသတွင်း နေရာ ပြန်လည် ချထားရေး နှင့် လူမှု စီးပွား ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ကလည်း ဖြစ်ပါတယ်။