ရခိုင်မြောက်ပိုင်း တိုက်ခိုက်ခံရမှု သေဆုံးမှုများ

  • 25 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption မနှစ် အောက်တိုဘာ နယ်ခြားရဲစခန်းတွေ တိုက်ခိုက်ခံရပြီးနောက် ရခိုင်မြောက်ပိုင်းမှာ လုံခြုံရေးတွေ တင်းကျပ်

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ နယ်စပ်အနီး မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ လက်နက်ကိုင်လူတစုနဲ့ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး နှစ်ဘက်အကျအဆုံးလည်းများတယ်လို့ သိရပါတယ်။

သြဂုတ်လ ၂၄ ရက်နေ့ည သန်းခေါင်ကျော် ကတည်းက စဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒီနေ့ မနက်အထိ ကျဆုံးသူ ၂၀ ဝန်းကျင် ရှိကြောင်း နယ်မြေခံလုံခြုံရေးတပ်ဖွဲ့က ဘီဘီစီကို အတည်ပြုပါတယ်။

တိုက်ပွဲတွေ အတွင်းမှာ မွတ်ဆလင် လက်နက်ကိုင်လို့ ဆိုတဲ့ အဖွဲ့တွေဘက်က ၁၅ ယောက် ကျပြီး အစိုးရလုံခြုံရေးတပ်ဖွဲ့က ၁၀ ယောက်ကျဆုံးတယ်လို့ ကနဦး သတင်းရရှိထားကြောင်း နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အခုချိန်ထိ သေနတ်သံတွေကြားနေရပြီး အစိုးရဝန်ထမ်း ကျောင်းဆရာဆရာမတွေကို လေယာဉ်တွေနဲ့ ရွှေ့ပြောင်းပေးနေတာ မြင်ရတယ်လို့လည်း ဒေသခံတယောက်က ပြောပါတယ်။

နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်တဲ့ လက်နက်ကိုင်လူတွေဟာ အဲဒီ ဒေသဘက်က မွတ်ဆလင်လက်နက်ကိုင်တွေဖြစ်တယ်လို့လည်း နယ်မြေခံလုံခြုံရေးတပ်ဖွဲ့က ပြောပါတယ်။

Image caption ရခိုင်ပြည်မြောက်ပိုင်းမှာ လူမျိုး၊ ဘာသာ မတူတဲ့ လူ အုပ်စုတွေ ကြား ပဋိပက္ခတွေ မြင့်မားနေ

အခုတိုက်ပွဲဖြစ်ပွားတာဟာ ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ရတဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာလတုန်းက နယ်ခြားစောင့်ရဲကင်းစခန်းတွေ တိုက်ခိုက်ခံခဲ့ရသလိုပဲ တပြိုက်နက်တည်းမှာ စခန်း အများအပြားကို ဝင်တိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သေနတ် ပစ်ခတ်သံတွေ အဆက်မပြတ် ကြားရတဲ့အတွက် ဒေသခံတွေ အထူးစိုးရိမ်နေကြတယ်လို့ သိရပါတယ်။

ရသေ့တောင်မြို့နယ် ကိုးတန်ကောက် စခန်းနဲ့ မောင်တောမြို့နယ် ချိန်ခါလီ၊ အလယ်သံကျော်၊ မောင်နီပြင်၊ ဂေါ်ဒူသာရ၊ ကျီးကန်းပြင်၊ သီဟိုခြံ၊ လောင်းတုံ၊ ငခူရ၊ မောင်တောမြို့အနီးဝန်းကျင်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ကနဦး သတင်းတွေက ဆိုပါတယ်။

အခုလ ၂၂ ရက်နဲ့ ၂၃ ရက်နေ့ကလည်း မောင်တောအနီးက ဇူလရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ အသတ်ခံခဲ့ရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption မနှစ် ရခိုင်မြောက်ပိုင်း တိုက်ခိုက်ခံရမှု အတွင်း ကျဆုံးခဲ့တဲ့ ရဲတပ်သားတွေရဲ့ ဈာပန

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ရုံး သတင်းထုတ်ပြန်ရေး ကော်မတီရဲ့ ဒီနေ့ တရားဝင် သတင်း ထုတ်ပြန် ချက်မှာတော့ မောင်တောခရိုင်ထဲက ရဲစခန်းတခုကို အစွန်းရောက် ဘင်္ဂလီ အကြမ်းသမားတွေက လက်လုပ်မိုင်းတွေနဲ့ မိုင်းခွဲပြီး တိုက်ခိုက်မှုတွေ စတင်ပြုလုပ်လာခဲ့ပြီး နေရာအများအပြားက ရဲကင်း၊ ရဲစခန်းတွေကိုလည်း တချိန်တည်း တပြိုင်တည်း တိုက်ခိုက်ခံခဲ့ရတယ်လို့ ပါရှိပါတယ်။ တိုက်ပွဲတွေ အတွင်း ရဲတပ်ဖွဲ့ဝင် ၅ ဦးကျဆုံးပြီး အကြမ်းဖက်သမား ၇ လောင်း ရထားတယ်လို့ ဆိုပါတယ်။

၁ နှစ် အတွင်း ဒုတိယအကြိမ် အဖြစ် ရခိုင်မြောက်ပိုင်းက တိုက်ခိုက်ခံရမှုဟာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် အဆုံးသတ် အစီရင်ခံစာ ထုတ်ပြန်တဲ့ နေ့ရက်နဲ့ အချိန်ကိုက် ဖြစ်နေပါတယ်။

ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ရခိုင်မြောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ တိုးပွား မလာစေဖို့ရာ နိုင်ငံရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ပြီး အစိုးရက ရင်းနှီးမြှပ်နှံမှုတွေ ပိုလုပ်ပေးဖို့ အကြံပြုထားပါတယ်။

ဘီဘီစီ တဝန်း