ရခိုင်မှာ အစွန်းရောက် အန္တရာယ် ကျရောက်နိုင်

  • 25 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ၂၀၁၆ အောက်တိုဘာ ရခိုင်မြောက်ပိုင်း တိုက်ခိုက်မှု သံသယ တရားခံ တဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ မြင်ကွင်း

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မှာ လူမျိုးအုပ်စုတွေကြား တင်းမာမှု ပြဿနာတွေ ဖြေရှင်းမပေးနိုင်ရင် အစွန်းရောက်မှုက လက်တွေ့ အန္တရာယ် ဖြစ်လာနိုင်ဖွယ် ရှိတယ်လို့ လွတ်လပ်တဲ့ ရခိုင်ကော်မရှင်က ပြောလိုက်ပါတယ်။

အကြမ်းဖက်မှုတွေ အရှိန်မမြှင့်နိုင်ဖို့ရာ နိုင်ငံရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင် က အကြံပြုခဲ့ပါတယ်။

လူနည်းစု မွတ်ဆလင် ရိုဟင်ဂျာတွေ အပေါ် ကန့်သတ်ထားမှုတွေကို ဖြေလျော့ပေးဖို့လည်း တောင်းဆိုပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption မစ္စတာအာနန်က ကော်မရှင်ရဲ့ အဆုံးသတ် အစီရင်ခံကို သမ္မတထံ သြဂုတ် ၂၃ ရက်နေ့က ပေးအပ်ခဲ့

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာ လို့ ခေါ်ဆိုကြတဲ့ မွတ်ဆလင် ၁ သန်း ကျော် နေထိုင်နေပါတယ်။

အခုနှစ်ပိုင်းထဲ အဲဒီဒေသမှာ မွတ်ဆလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားပြီး ရိုဟင်ဂျာ သောင်းနဲ့ချီဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးရတာတွေလည်း ဖြစ်ခဲ့ကာ အာဏာပိုင်တွေက သူတို့ အပေါ် လူမျိုးစု အလိုက် ဖိနှိပ်မှုတွေ လုပ်နေတယ်လို့လည်း စွပ်စွဲကြပါတယ်။

မြန်မာနိုင်ငံ စစ်တပ်က ရိုဟင်ဂျာတွေ အပေါ် ရက်ရက်စက်စက် နှိမ်နင်းနေတယ်လို့လည်း ကုလသမဂ္ဂက မနှစ်က စွပ်စွဲခဲ့ပါတယ်။ တပ်မတော်ဘက်ကတော့ ဒီလို စွပ်စွဲချက်တွေကို ပယ်ချပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာအစိုးရကတော့ ရိုဟင်ဂျာတွေထဲက အများစုကို ဘင်္ဂလားဒေ့ရှ်ဘက်က ရွှေ့ပြောင်းလာသူတွေ အဖြစ် သတ်မှတ်ပြီး နိုင်ငံသားဖြစ်ခွင် ကန့်သတ်ထား

ရခိုင်ပြည်နယ်က လူမျိုးအုပ်စုတွေ အကြား ပြန်လည် သင့်မြတ်စေဖို့နဲ့ ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အကြံပြု တင်ပြနိုင်ဖို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်နဲ့ ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်ကို မနှစ်က ဖွဲ့စည်းခဲ့တာပါ။

သြဂုတ်လ ၂၄ ရက် က ထုတ်ပြန်ခဲ့တဲ့ အဲဒီ ကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာမှာ ရခိုင်က လူမျိုးအုပ်စုတွေ ကြား တဘက်နဲ့ တဘက် ကြောက်ရွံ့နေကြပြီး အကြမ်းဖက်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ခွဲခြား ကွဲပြားမှုတွေက အခြေအနေတွေကို ပိုမိုဆိုးရွားသွားစေခဲ့တယ်လို့ ရေးသားထားပါတယ်။

လက်တလောရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ချက်ချင်း တုံ့ပြန် မဖြေရှင်းနိုင်ရင် လူမျိုး ဘာသာ မတူနဲ့ အုပ်စု နှစ်ဘက်ကြား အစွန်းရောက်မှုတွေ ပို ဖြစ်လာနိုင်ဖွယ် ရှိပြီး ဒါဟာ တကယ့် ခြိမ်းခြောက်မှု တခုပါလို့ အကြံပြုစာမှာ ဆိုထားပါတယ်။ လူ့အခွင့်အရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံရေးနဲ့ လုံခြုံရေး ကဏ္ဍတွေ ပူးပေါင်းဆောင်ရွက်ပြီး လူမှုအသိုင်းအဝန်းတွေကြား ပဋိပက္ခတွေ ဖြစ်ပွားနေတာကို ထိန်းသိမ်းနိုင်မယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်က ဆင်းရဲမွဲတေမှု ပြဿနာကို လျှော့ချနိုင်ဖို့ အတွက်လည်း အဲဒီမှာ ရင်းနှီးမြှ့ပ်နှံမှုတွေ တိုးလုပ်ဖို့ အစိုးရကိုလည်း ကော်မရှင်က တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မနှစ်က အကြမ်းဖက်မှု တွေ အပြီး ရခိုင်မှာ လုံခြုံရေးတွေ တိုးချထား

အခုလောလောဆယ်မှာတော့ အကြမ်းဖက်မှုတွေ ကြောင့် အိုးအိမ်တွေကနေ စွန့်ခွာခဲ့ရတဲ့ ရိုဟင်ဂျာတွေဟာ ဒုက္ခသည်စခန်းတွေထဲမှာပဲ နေထိုင်နေရပါတယ်။ မတူညီတဲ့ လူအုပ်စုတွေ ကြားမှာလည်း ကြောက်ရွံ့မှုကို အခြေခံပြီး တဘက်နဲ့ တဘက် ကူးလူး ဆက်ဆံတာမျိုး မရှိပါဘူး။

ဒေါက်တာအာနန် ကော်မရှင်ရဲ့ အကြံပြုချက်တွေထဲမှာ ရိုဟင်ဂျင်တွေ နိုင်ငံသား ဖြစ်ခွင့်ကို တားဆီးနေတဲ့ နိုင်ငံသား ဥပဒေကို ပြန်လည် သုံးသပ်ဖို့လည်း အကြံပြုထားပါတယ်။

လုံခြုံရေးတပ်ဖွဲကတွေက ကျူးလွန်တယ် ဆိုပြီး စွပ်စွဲ ခံနေရတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့တော့ ကော်မရှင်မှာ စုံစမ်းဖော်ထုတ်နိုင်မယ့် အခွင့် အာဏ မရှိဘူးလို့ ဆိုထားပြီး ဒီလို လူ့ အခွင့်အရေးချိုးဖောက်ခံနေရတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို လွတ်လပ်တဲ့ အဖွဲ့တခုဖွဲ့ပြီး စုံစမ်း စစ်ဆေးကာ ကျူးလွန်သူတွေကို အရေးယူဖို့ တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ရခိုင်ပြည်က ပဋိပက္ခတွေကြောင့် ထွက်ပြေးရသူတွေဟာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရ

၂၀၁၆ ခုနှစ် အောက်တိုဘာလထဲမှာ ရခိုင်မြောက်ပိုင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းတွေ တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ စစ်တပ်က အဲဒီဒေသမှာ တန်ပြန်စစ်ဆေးရေးတွေ အများအပြား ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ ရိုဟင်ဂျာတွေ အပေါ် သတ်ဖြတ်မှု၊ အိုးအိမ်ဖျက်ဆီးမှု၊ နှိပ်စက်ညှဉ်းပမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ အဓမ္မ အမှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲမှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က လူသားအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အဲဒီမှာ ရှိနေတယ်လို့ ၂၀၁၇ နှစ်ဆန်းပိုင်းက ဘီဘီစီကို ပြောခဲ့ပါတယ်။

ကုလသမဂ္ဂ အနေနဲ့ စစ်တပ်က ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အပေါ် လွတ်လပ်တဲ့ သီးခြား စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption စစ်သားတွေရဲ့ လိင်အဓမ္မပြုကျင့်တာ ခံခဲ့ရကြောင်း ရိုဟင်ဂျာ အမျိုးသမီးတချို့က စွပ်စွဲ

မြန်မာနိုင်ငံ အစိုးရက ရိုဟင်ဂျာ တွေ အပေါ် ပံ့ပိုးမှုတွေ နည်းပါနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ပြီးခဲ့တဲ့ နှစ်တွေ ထဲ ထွက်ပေါ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်ထဲကို သတင်းစာသမားနဲ့ လေ့လာသူတွေ ဝင်ရောက်ဖို့ကိုလည်း အာဏာပိုင်တွေက ကန့်သတ်ထားပါတယ်။

ဒေါက်တာကိုဖီအာနန်ရဲ့ ကော်မရှင်က ပြည်ထောင်စု ဝန်ကြီးဌာန အဆင့် ခန့်အပ်မှုတွေနဲ့ အဖွဲ့ရဲ့ အကြံပြုချက်တွေကို လက်တွေ့ အကောင်အထည်ဖော်ပေးဖို့ မြန်မာနိုင်ငံအစိုးရကို တောင်းဆိုထားပါတယ်။

ရခိုင်ပြည်နယ် အခြေအနေက ဆိုးရွားနေပြီး အစုအဖွဲ့အသီးသီးက နှောင့်နှေးမှု မရှိဘဲ ပူးပေါင်းပါဝင် ပြဿနာ ဖြေရှင်းဖို့ မစ္စတာအာနန်က ပြောဆိုခဲ့ပါတယ်။

ဘီဘီစီ တဝန်း