ရခိုင်ပြည်နယ်ထဲ အကြမ်းဖက် ဖြစ်ရပ်တွေ မပေါ်ပေါက်ဖို့ ကုလ တောင်းဆို

  • 25 ဩဂုတ် 2017
Image caption လုံခြုံရေး တပ်ဖွဲ့ဝင် ၁၂ ယောက် သေဆုံး

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ပစ်မှတ် ထားပြီး ချိန်ကိုက် တိုက်ခိုက်တာတွေ ဆက်တိုက် ပြုလုပ် လာတဲ့ လုပ်ရပ်အပေါ် အပြင်းထန်ဆုံး ရှုတ်ချတယ် ဆိုပြီး ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

ဒီ တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရသူတွေ အတွက် ဝမ်းနည်းရသလို၊ ဒဏ်ရာ ရခဲ့သူတွေ အမြန်ဆုံး ပြန်လည် သက်သာပါစေ ဆိုပြီးတော့လည်း ကုလသမဂ္ဂက ပြောပါတယ်။

ဒါ့အပြင်၊ သွေးထွက်သံယို ဖြစ်ရပ်တွေထဲ ပါဝင် ပတ်သက် နေသူတွေ အားလုံး အနေနဲ့ အကြမ်းဖက် ဖြစ်ရပ်တွေ ဆက်လက် မပေါ်ပေါက်အောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင် ကြဖို့လည်း ကုလသမဂ္ဂက တိုက်တွန်း နေပါတယ်။

ရခိုင်ပြည်နယ်ထဲက လူမှု အသိုင်းအဝိုင်း အားလုံးအတွက် ပိုမို ကောင်းမွန်တဲ့ အခြေအနေတွေ ဖန်တီး ပေးနိုင်ဖို့ ရခိုင်အရေး အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အစိုးရဘက် လက်တွေ့ အကောင်အထည် ဖော်ဖို့ရာ ဘယ်လောက် အရေးကြီး သလဲ ဆိုတာ အခုလို ပေါ်ပေါက် လာတဲ့ ဖြစ်ရပ်တွေက သက်သေ ပြနေတယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်ထဲက ရဲစခန်းတွေ၊ နယ်ခြားစောင့် စခန်းတွေနဲ့ စစ်စခန်းတွေကို ပစ်မှတ် ထားပြီး ရိုဟင်ဂျာ စစ်သွေးကြွ အယောက် ၁၅ဝ ဝန်းကျင်က တိုက်ခိုက်လာ ခဲ့တယ် ဆိုပြီး မြန်မာ အစိုးရက ထုတ်ပြန် ထားပါတယ်။

လုံခြုံရေး တပ်ဖွဲ့ဝင် ၁၂ ယောက် အပါအဝင် နှစ်ဘက် အကျအဆုံး အနည်းဆုံး အယောက် ၇ဝ ရှိတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့တုန်းကပဲ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အရေး အကြံပေး ကော်မရှင် အဖွဲ့က အစိုးရကို အကြံပြုတဲ့ အချက်တွေ ထဲ ကမ္ဘာပေါ်မှာ နိုင်ငံမဲ့ ဖြစ်နေရတဲ့ အုပ်စုထဲ အရေအတွက် အများဆုံး ဖြစ်နေတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ အတွက် နိုင်ငံသား ဖြစ်နိုင်ခွင့် လမ်းကြောင်းကို ဖွင့်ပေးပါ ဆိုပြီး မြန်မာ အစိုးရကို တိုက်တွန်း ထားပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ရခိုင်ပြည်နယ်တွင်း ဖြစ်ခဲ့တဲ့ မငြိမ်မသက်မှုတွေ နောက်ပိုင်း အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေး ဆောင်ရွက်ချက်တွေ နောက်ပိုင်း ရိုဟင်ဂျာ ၈သောင်း ခုနှစ်ထောင် ကျော် ရခိုင်ပြည်နယ်ကနေ ထွက်ပြေး ခဲ့ကြ ရပါတယ်။