ရခိုင်မြောက်ပိုင်း တိုက်ခိုက်မှုတွေကို ARSA အဖွဲ့ ဖြစ်တယ်လို့ အစိုးရ ပြော

  • 25 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ရဲကင်း စခန်းပေါင်း ၃ဝ ချိန်ကိုက် တိုက်ခိုက် ခံရ

ရခိုင်ပြည်နယ် မြောက်ပိုင်းက အစိုးရ လုံခြုံရေး စခန်းတွေကို ပစ်မှတ် ထားတိုက်ခိုက်တဲ့ အဖွဲ့ဟာ Arakan Rohingya Salavation Army အာရ်ကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA ဆိုပြီး ဖွဲ့ထားတဲ့ အုပ်စု ဖြစ်ကြောင်း အစိုးရရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟို အဖွဲ့က ထုတ်ပြန် လာပါတယ်။

ဒါ့အပြင် အဲဒီ ARSA အဖွဲ့ကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ အရ အကြမ်းဖက် အုပ်စုအဖြစ် ကြေညာ လိုက်တယ်လို့လည်း ဆိုပါတယ်။

အကြမ်းဖက်မှု ကျူးလွန်သူတွေကို သာမက၊ ငွေကြေးထောက်ပံ့သူတွေနဲ့ ပူးပေါင်း ကြံစည်သူတွေ ကိုပါ ဥပဒေနဲ့ အညီ အရေးယူ သွားမယ် လို့လည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟို အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

ဩဂုတ်လ ၂၅ ရက်၊ သောကြာနေ့ မနက်ပိုင်းမှာ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင် မြို့နယ်ထဲက ရဲကင်း စခန်းပေါင်း ၃ဝ နဲ့ တောင်ဘာဇာရွာက စစ်စခန်းတို့ အုပ်စုဖွဲ့ ရလာရတဲ့နောက် အခုလို ကြေညာ လာတာ ဖြစ်ပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေကြောင့် ရဲ အမှုထမ်း ၁ဝ ယောက်နဲ့ စစ်မှုထမ်း ၁ ယောက်နဲ့ လူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်း ၁ ယောက်တို့ သေဆုံး ခဲ့ရပြီး ၊ အရပ်သားတွေ အပါအဝင် အများအပြား ဒဏ်ရာ ရခဲ့တယ်လို့ အစိုးရက အတည်ပြု ထားပါတယ်။

တိုက်ခိုက်လာသူတွေ ထဲက ၇၇ ယောက်ကို အသေ၊ ၂ ယောက် အရှင် ဖမ်းမိထားတယ် လို့လည်း အတိုင်ပင်ခံ ပုဂ္ဂိုလ် ရုံးက ထုတ်ပြန် ထားပါတယ်။