ရခိုင်ဒေသ တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်

  • 25 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ရခိုင်ပြည်နယ် အနောက်ပိုင်းမှာ ရဲတပ်ဖွဲ့ဝင် အင်အား တိုးမြှင့်ချထားလိုက်

ရခိုင်ပြည်နယ် အနောက်ဘက် မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နဲ့ ရသေ့တောင်မြို့နယ် အနောက်ဘက်ခြမ်းမှာ သြဂုတ်လ ၂၅ရက် မနက် လင်းအားကြီး အချိန်ကစလို့ နယ်ခြားစောင့် ရဲစခန်းတွေကို ဘင်္ဂလီ အကြမ်းဖက်တွေက တပြိုင်နက်တည်း ချိန်ကိုက် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ အတွင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့တွေ အပါအဝင် လူ၇၀ကျော် သေဆုံးခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေဟာ စခန်း ၃၀ ခုကို တပြိုင်တည်း ချိန်ကိုက် တိုက်ခိုက်တာ ဖြစ်တဲ့အတွက် ၂၀၁၆ ခုနှစ် အောက်တိုဘာလတုန်းက တိုက်ခိုက်မှုထက် ပိုမို ကျယ်ပြန့်ပြီး နက်ရှိုင်းမှုတွေ ရှိနေပါတယ်။

ရသေ့တောင်မြို့နယ်က စေတီပြင် မူဆလင်ရွာနဲ့ ချိန်ခါလီ မူဆလင်ရွာတွေ မီးလောင်ခဲ့သလို မောင်တောမြို့နယ်က ကျောက်ပန်းတူ ရခိုင်ရွာနဲ့ မြင်းလွတ်မှာလည်း မီးလောင်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အခု တိုက်ခိုက်မှုအတွင်း မွတ်ဆလင် ကျေးရွာသားတွေပါ တိုက်ခိုက်သူတွေနဲ့ အတူ ပါဝင်နေတဲ့ အတွက် ကိုင်တွယ် နှိမ်နှင်းရတဲ့ နေရာမှာ ခက်ခဲမှုတွေ ရှိနေပြီး ဘူးသီးတောင် တောင်ဘဇား စခန်းကို ဝိုင်းဝန်း တိုက်ခိုက်မှုမှာ လူပေါင်း ထောင်နဲ့ ပါတယ်လို့ တောင်ဘဇားရဲစခန်းက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အဲသလို အခြေအနေတွေကြောင့် ဒေသခံ လူနည်းစု ရခိုင်တိုင်းရင်းသားတွေ အထူး စိုးရိမ် ကြောက်ရွံ့နေကြပါတယ်။

မောင်တောမြို့နယ်ထဲက လောင်းဒုံရွာဆိုရင် ဒီတခေါက်မှာရော ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ် တုန်းကပါ အတိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။

လောင်းဒုံရွာ ရဲကင်းစခန်းမှာ ရှိတဲ့ ရဲတွေက ခုခံ ကာကွယ် ပစ်ခတ်ခဲ့တဲ့အတွက် အကြမ်းဖက်သမားတွေ ထွက်ပြေးသွားကြကြောင်း၊ လောလောဆယ် ရဲကင်းစခန်းမှာ ရဲအင်အား ၁၀ဦးလောက်သာ ရှိပြီး ရွာသားတွေက ရှိတဲ့ လက်နက်တွေနဲ့ပဲ အစွမ်းကုန် ကာကွယ်သွားဖို့ ရှိကြောင်း လောင်းဒုံရွာသား ကိုကျော်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ဒေသခံ တိုင်းရင်းသား ရွာတွေဆီ သွားတဲ့ လမ်းတွေမှာ မိုင်းတွေ ထောင်ထားပြီး တံတားတွေကိုလည်း ဖျက်ဆီးထားတဲ့အတွက် သက်ကြီးရွယ်အိုတွေ အမျိုးသမီးတွေ ကလေးငယ်တွေပါ ဘယ်မှ ထွက်မပြေးနိုင်ပဲ ရွာထဲမှာ ပိတ်မိနေတယ်လို့ ပြောပါတယ်။

အခုလို ရွာတွေထဲမှာ ပိတ်မိနေသူတွေထဲမှာ ရွာခံတွေတင်မက အစိုးရဝန်ထမ်းတွေလည်း အပါအဝင်ဖြစ်ပါတယ်။

မောင်တောမြို့နယ်မှာ ဘင်္ဂါလီတွေ အများစုနေထိုင်နေတဲ့ ရွာတွေမှာ စာသင်ကြားပေးနေတဲ့ ဆရာ ဆရာမတွေဆိုရင် နီးစပ်ရာ နယ်မြေစခန်းတွေမှာ သွားရောက် ခိုလှုံနေရပါတယ်။

အလယ်သံကျော် နယ်မြေစခန်းမှာ ထွက်ပြေးခိုလှုံနေရတဲ့ ဆရာမ တဦးကို ဘီဘီစီက ဖုန်းဆက် မေးမြန်းနေချိန်မှာပဲ ပစ်ခတ်သံတွေ ကြားခဲ့ရပါတယ်။

အခုအခါ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ် အနောက်ဘက်ခြမ်းမှာ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို ည၆ နာရီကနေ မနက် ၆နာရီ ထိ တိုးမြှင့် သတ်မှတ်လိုက်ပြီး လူငါးဦးထက် ပိုမစုရ ဆိုတဲ့ အမိန့်ကို ဒီကနေ့ သြဂုတ်လ ၂၅ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။