မောင်တောမြို့တဝိုက် စစ်သွေးကြွတွေ တိုက်ခိုက်

  • 26 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် MOI
Image caption မောင်တောမြို့အဝင် မြို့သူကြီးရွာဟောင်းနားမှာလည်း ဒီစစ်သွေးကြွတွေက အစိုးရစစ်ကားတွေကို မိုင်းထောင် တိုက်ခိုက်တာတွေ ရှိခဲ့ပြီး အစိုးရစစ်ကား ၂ စီး ပျက်စီးခဲ့

သြဂုတ်လ ၂၆ ရက်နေ့ မနက်ပိုင်းမှာလည်း မောင်တောမြို့တဝိုက်ကို ရာနဲ့ချီတဲ့ ရိုဟင်ဂျာ စစ်သွေးကြွတွေက လက်လုပ် မိုင်းဗုံးတွေ၊ လုပ်သေနတ်တွေနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့အတွက် ဒေသခံလူထုက စိုးရိမ် ထိတ်လန့်နေရပါတယ်။

မောင်တောမြို့အဝင် မြို့သူကြီးရွာဟောင်းနားမှာလည်း ဒီစစ်သွေးကြွတွေက အစိုးရစစ်ကားတွေကို မိုင်းထောင် တိုက်ခိုက်တာတွေ ရှိခဲ့ပြီး အစိုးရစစ်ကား ၂ စီး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သြဂုတ်လ ၂၆ ရက်နေ့ ညနေပိုင်းမှာလည်း ခရေမြိုင် ရဲကင်းစခန်းကို စစ်သွေးကြွတွေက ဝိုင်းဝန်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး တခြား နေရာတွေမှာလည်း နယ်မြေအလိုက် အုပ်ချုပ်ရေး ဝန်ထမ်းတွေ ဝိုင်းဝန်းတိုက်ခိုက် ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို နယ်မြေ မတည်ငြိမ်မှုတွေကြောင့် မောင်တော တောင်ပိုင်းက ခရေမြိုင်၊ ကင်းချောင်း၊ ကိုင်းကြီး၊ မောရဝတီ၊ သရေကုန်းဘောင် ကျေးရွာက ရခိုင်တိုင်းရင်းသား ရွာသားတွေလည်း နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

အခုလို ထွက်ပြေးလာသူတွေ ခိုလှုံတဲ့ နေရာတခုဖြစ်တဲ့ မောင်တောမြို့က သာသနာ့ဗိမာန် တခုတည်းမှာတင် လာရောက် ခိုလှုံသူ ၅၀ဝ ကျော်ရှိနေပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့ ညကလည်း မောင်တောမြို့နယ် လိပ်ရကျေးရွာမှာ မွတ်ဆလင် ကျေးရွာအုပ်ချုပ်ရေးမှူးတဦး အပါအဝင် အရပ်သား စုစုပေါင်း ၄ဦးကို စစ်သွေးကြွတွေက သတ်ဖြတ်ခဲ့ပါတယ်။

အခုလို သတ်ဖြတ်မှုတွေအပြင် တခြား ရခိုင်တိုင်းရင်းသား ရွာသားတွေ အသတ်ခံရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတဲ့အတွက် အလယ်သံကျော် နယ်ခြားစောင့် စခန်းမှာ ခိုလှုံနေတဲ့ အစိုးရဝန်ထမ်းတချို့နဲ့ တခြား ထွက်ပြေးနေရတဲ့ ဒေသခံတွေက အစိုးရဘက်က လုံခြုံရေး တိုးမြှင့်ပေးဖို့ လိုလားနေကြပါတယ်။

ရိုဟင်ဂျာ စစ်သွေးကြွတွေဟာ သြဂုတ်လ ၂၅ ရက်နေ့ နံနက် အစောပိုင်းက စပြီး မောင်တောတဝိုက်အပါအဝင် ရခိုင်ပြည်နယ် အနောက်ပိုင်းက ရဲကင်းစခန်း တွေကို အချိန်ကိုက် စတင် တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပြီး စုစုပေါင်း လူ ၉၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။