ထွက်ပြေးသူတွေကို စစ်တပ်က ပစ်ခတ်တယ်လို့ ဘင်္ဂလားနယ်ခြားစောင့်တပ် စွပ်စွဲ

  • 26 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption နယ်ခြားဖြတ်ကျော် ထွက်ပြေးလာသူ ရိုဟင်ဂျာ မိသားစုတွေထဲတက မိသားစုတစု

ရခိုင်ပြည်နယ်မှာ အရှိန်မြင့်တက်နေတဲ့ အကြမ်းပတမ်း တိုက်ခိုက်မှုတွေကြားက လွတ်မြောက်အောင် ထွက်ပြေးနေကြတဲ့ ရိုဟင်ဂျာမူဆလင်တွေကို မြန်မာအစိုးရတပ်မတော်က သေနတ်နဲ့ ပစ်ခတ်နေတယ်လို့ ဘင်္ဂလား ဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က စွပ်စွဲပြောဆိုလိုက်ပါတယ်။

အစိုးရတပ်မတော်သားတွေက သေနတ်နဲ့ပစ်ခတ်မှုတွေ စတင်ချိန်မှာ ထွက်ပြေးနေတဲ့ ရွာသားတွေဟာ အကာအကွယ်ယူပုန်းရှောင်နေကြတာကို သူမြင်ခဲ့ရတယ်လို့ ဘင်္ဂလားနယ်ခြားစောင့်တပ်ဖွဲ့အရာရှိ ဒုတိယဗိုလ်မှူးကြီး အာရီဖူလ် အစ္စလာမ်က ဘီဘီစီကို ပြောပါတယ်။ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ ရှိမရှိတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ရွာသားတယောက်ဖြစ်တဲ့ ဟာမစ် ဟူစိန်ကတော့ နယ်ခြားကို ဖြတ်ကျော် ထွက်ပြေးနေတုန်းမှာပဲ "ကျနော့်သားတွေထဲက တယောက် သေဆုံးခဲ့ပါတယ်။ မြန်မာအစိုးရက နှိပ်စက်ညှဉ်းပန်းနေတာကို ကျနော်တို့ ဆက်ပြီး မခံနိုင်တော့ပါဘူး။ သူတို့က ကျနော်တို့ ရိုဟင်ဂျာတွေကို သတ်ပါတယ်။ အလောင်းတွေ အဲဒါမှာ ပြန့်ကြဲနေပါတယ်။ ကျနော်တို့ဘက်က ကူညီမယ့်သူ မရှိပါဘူး။ အစိုးရဘက်က လူတွေက အိမ်တွေကို မီးရှို့ပါတယ်။ ကျနော်တို့ရဲ့ ကလေးအငယ်လေးတွေကိုလည်း သတ်ပါတယ်။ ကျနော်တို့ အဲဒီမှာ ဘယ်လိုဆက်နေရမှာလဲ" လို့ ပြောပါတယ်။

ဘင်္ဂလား မြန်မာနယ်စပ် စခန်းကနေ စောင့်ကြည့်နေတဲ့ အရာရှိက ပြောကြားရာမှာ မြန်မာဘက်ကမ်းမျာ မီးတောက်တွေ တက်လာနေတာကို မြင်ရတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ