မောင်တောဒေသတဝိုက် တိုက်ခိုက် မီးလောင်မှုတွေ ဆက်ရှိနေ

  • 27 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption မောင်တောမြို့ပေါ်က ရပ်ကွက် ၄ နဲ့ ရပ်ကွက် ၅ တို့က အိမ်တွေ မီးလောင်ခဲ့

သြဂုတ်လ ၂၆ ရက်နေ့ညက မောင်တောမြို့နယ် မြို့သူကြီး ကျေးရွာအနီးမှာ ဟိန္ဒူဘာသာဝင် ရွာသား ၆ ဦးကို ARSA အဖွဲ့က အကြမ်းဖက် သတ်ဖြတ်မှုတွ လုပ်ခဲ့သလို သြဂုတ်လ ၂၇ ရက်နေ့မှာလည်း မောင်တော၊ ရသေ့တောင်နဲ့ ဘူးသီးတောင် တဝိုက်မှာ လုံခြုံရေး တပ်ဖွဲ့ နဲ့ အကြမ်းဖက် အဖွဲ့တွေ အကြားမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

မောင်တောမြို့တွင်းမှာလည်း ပစ်ခတ်မှုတွေ ရှိခဲ့တဲ့အပြင် သြဂုတ်လ ၂၇ ရက်နေ့ ညနေပိုင်းမှာလည်း မောင်တောမြို့ပေါ်က ရပ်ကွက် ၄ နဲ့ ရပ်ကွက် ၅ တို့က အိမ်တွေ မီးလောင်ခဲ့ပြီး ညနေ ၆ နာရီခွဲအချိန်အထိ မီးငြှိမ်းသတ်နေရတုန်းပဲလို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောနဲ့ ၁၆ မိုင် အကွာအဝေးမှာရှိတဲ့ ဘူးသီးတောင်မြို့နယ်အပြင်ဘက် ၂ မိုင်လောက် ဝေးတဲ့နေရာမှာလည်း တိုက်ပွဲဖြစ်တဲ့ အသံတွေ ကြားခဲ့ရတယ်လို့ ဘူးသီးတောင် ဒေသခံ ဦးဇော်ဝင်းက ဘီဘီစီကို ပြောပါတယ်။

သြဂုတ်လ ၂၇ ရက်နေ့မှာ ဘူးသီးတောင် မောင်တော ကားလမ်းကို ပြန်ဖွင့်ပေးလိုက်တဲ့အတွက် မောင်တောဘက်မှာ ပိတ်မိနေတဲ့ ဒေသခံတွေ ထောင်နဲ့ချီပြီး ဘူးသီးတောင်ဘက်ကို ရောက်ရှိလာတယ်လို့လည်း ဦးဇော်ဝင်းက ပြောပါတယ်။

ရသေ့တောင်မြို့နယ်က မယူကမ်း ချွတ်ပြင် မွတ်ဆလင်ရွာမှာလည်း ပစ်ခတ်မှုတွေ ရှိခဲ့ပြီး ချွတ်ပြင်ရွာက အိမ်တွေ မီးလောင်ခဲ့သလို အရပ်သား သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့မှာ ရခိုင်ပြည်နယ် အနောက်ဘက်ပိုင်းက ရဲကင်းစခန်းတွေ တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသူတွေကို အစိုးရတပ်မတော်က ပစ်ခတ်တယ်ဆိုတဲ့ သတင်းတွေ မဟုတ်မှန်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဘီဘီစီကို ပြောပါတယ်။

ဒီလို ရဲကင်းစခန်းတွေ တိုက်ခိုက်ခံရတဲ့အတွက် အစိုးရတပ်မတော်က လုံခြုံရေးအရ သွားရောက် ကာကွယ် စောင့်ရှောက်တာပဲ ရှိခဲ့ပြီး စစ်ဆင်ရေး အနေနဲ့ ဆောင်ရွက်တာ မရှိဘူးလို့လည်း သူက ပြောပါတယ်။

ခမောက်ဆိပ်၊ တောင်ပြိုနဲ့ မောရဝတီဒေသဘက်မှာ ရှိတဲ့ ဒေသခံတွေနဲ့ အစိုးရဝန်ထမ်းတွေကို အစိုးရတပ်မတော်က လုံခြုံတဲ့ နေရာကို ပို့ ဆောင်ပေးခဲ့တယ်လို့လည်း ဦးတင်မောင်ဆွေက ပြောပါတယ်။

အခုလို ရဲကင်းစခန်းတွေ တိုက်ခိုက်မှု အပါအဝင် လတ်တလော ရခိုင်ပြည်နယ် အနောက်ပိုင်းဒေသအတွင်း တိုက်ခိုက်မှုတွေကို ARSA (Arakan Rohingya Salvation Army) အကြမ်းဖက် အုပ်စုက ပြုလုပ်တာလို့ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ