အမှန်တရားကို ဖော်ထုတ်ပါဆိုပြီး နိုင်ငံတကာကို ဝန်ကြီး တိုက်တွန်း

  • 27 ဩဂုတ် 2017
Image caption နိုင်ငံတကာ ဘက်ကလည်း အမှန်တရား ဖော်ထုတ်ဖို့ လို

ရခိုင်ပြည်နယ်ထဲ ပေါ်ပေါက် လာပြန်တဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေ ဘယ်လောက် ကြာကြာ ဆက်ရှိ နိုင်သလဲ ဆိုတာ အစိုးရဘက်က ဘယ်လောက် အမြန်ဆုံး ထိန်းသိမ်း နိုင်မလဲ ဆိုတဲ့ အပေါ် မူတည်တယ်လို့ ဗဟို အစိုးရအဆင့် ဝန်ကြီး တစ်ယောက် ဖြစ်တဲ့ ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

အိုးအိမ်စွန့်ခွာ ထွက်ပြေး လာကြသူတွေ ခိုလှုံနေရာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းကို ရောက်ခဲ့ပြီး အဲဒီမှာ လိုအပ်တာတွေ ကူညီခဲ့တယ်လို့ လူမှု၀န်ထမ်းနဲ့ ပြန်လည်ကယ်ဆယ်ရေး ဝန်ကြီးက ဆိုပါတယ်။

ဒေါက်တာ ဝင်းမြတ်အေး ဟာ တိုက်ခိုက်မှုတွေ ရှိနေခဲ့တဲ့ ဘူးသီးတောင်၊ မောင်တော ဒေသထိ လေကြောင်းကနေ သွားခဲ့ပါတယ်။

ရခိုင်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ မီဒီယာတွေ ဘက်ကလည်း အမှန်တရားကို ဖော်ထုတ်ဖို့ လိုတယ် ဆိုပြီး စစ်တွေကို ပြန်အရောက် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ လူပြန်ကယ် ပြည်ထောင်စု ဝန်ကြီးက ဆိုပါတယ်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကလည်း အရပ်သားတွေ လုံခြုံရေး ရအောင် အစိုးရဘက်က ပြုလုပ် ပေးထားတယ်လို့ ပြောပါတယ်။

Image caption လူတွေ ထောင်ချီ ထွက်ပြေး

ရခိုင် အမျိုးသား ပါတီ ANP ကတော့ သူတို့ပါတီ ဘက်က လွှတ်တော် အစိုးရ အဖွဲ့အသီးသီးကို ကြိုတင် သတိပေး ထားလျက်နဲ့ အာဏာပိုင်တွေက လျစ်လျူရှုလို့သာ အခုလို လက်နက်ကိုင် တိုက်ခိုက် ခံရတဲ့ အထိ ဖြစ်လာရတယ် ဆိုပြီး ဝေဖန် နေပါတယ်။

မောင်တောမြို့နယ်ထဲက နေရာတချို့မှာ အစိုးရ ကင်းစခန်းတွေကို လူတွေရာနဲ့ချီ တိုက်ခိုက်တာတွေ ဩဂုတ်လ ၂၇ က်၊ တနင်္ဂနွေနေ့ အထိ ဆက်လက် ရှိနေဆဲ ဖြစ်တယ်လို့ အစိုးရက သတင်း ထုတ်ပြန်ထားပါတယ်။

အခုတိုက်ခိုက်မှုတွေကို အာရ်ကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA ဆိုတဲ့ အဖွဲ့က ပြုလုပ်တာ ဆိုပြီး အစိုးရက ကြေညာထားသလို၊ အဲဒီ အဖွဲ့အစည်းဟာ အကြမ်းဖက် အဖွဲ့အစည်း ဖြစ်တယ်လို့လည်း မြန်မာ အစိုးရက သတ်မှတ် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ