လက်နက်ကိုင် တိုက်ပွဲတွေကြောင့် လူတွေ ထောင်ပေါင်းများစွာ ထွက်ပြေး

  • 27 ဩဂုတ် 2017
Image caption အရေအတွက် ၄ဝဝဝ လောက်ကို လုံခြု့ရေး အဖွဲ့တွေ ကယ်ဆယ်

ရခိုင်ပြည်နယ်တွင်း သွေးထွက်သံယို ဖြစ်ရပ်တွေ နှစ်ရက်ကြာ ပေါ်ပေါက်ပြီး အချိန်မှာ မိမိတို့ရဲ့ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေး ခဲ့ကြရသူတွေ ထောင်ပေါင်း များစွာ ရှိနေပါတယ်။

မွတ်ဆလင် မဟုတ်သူ အရေအတွက် ၄ဝဝဝ လောက်ကို တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ရာ ဒေသတွေကနေ မြန်မာ အစိုးရ လုံခြု့ရေး အဖွဲ့တွေက ကယ်ဆယ် ထားပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ နယ်စပ်ကို ရောက်လာကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က လက်မခံပဲ မြန်မာပြည်ဘက် ပြန်လည် နှင်ထုတ် ခဲ့ပါတယ်။

ဒုက္ခသည်တွေ တောင်းပန်နေတဲ့ ကြားကပဲ ဝင်ခွင့် မပေးပဲ ပြန်နှင်ထုတ်ခဲ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ဝင် တစ်ဦးက ဆိုပါတယ်။

Image caption ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က လက်မခံ

အေအက်ဖ်ပီ သတင်းတစ်ပုဒ်မှာတော့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ ပိတ်ဆို့ တားဆီးနေတဲ့ ကြားကပဲ အခု နှစ်ရက် အတွင်း ရိုဟင်ဂျာ ၃ဝဝဝ ဝန်းကျင် ဝင်ရောက် ခိုလှုံ လာတယ် ဆိုပြီး ဖော်ပြ ထားပါတယ်။

ဘာလွတ်ခ်ခါလီ အရပ်မှာ အခြေပြုပြီး သတင်းယူနေတဲ့ သတင်းထောက် တစ်ယောက်ကလည်း မြန်မာဘက်ခြမ်းမှာ ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတဲ့ အကြောင်းတွေကို ဘင်္ဂလားဒေ့ရှ်ဘက် ဝင်ရောက် လာနိုင်သူ တွေ ဆီကနေ ထိတ်လန့်စဖွယ် ကြားသိ နေရတယ်လို့ ဆိုပါတယ်။

Image caption ပုပ်ရဟန်း မေတ္တာရပ်ခံ

ဒီအချိန်မှာပဲ၊ ရိုဟင်ဂျာတွေ အပေါ် ပစ်မှတ်ထား တိုက်ခိုက်တာတွေ မလုပ်ဖို့ ပုပ်ရဟန်း မင်းကြီး ဖရန်စစ်က မေတ္တာ ရပ်ခံလိုက်ပါတယ်။

ဗာတီကန်မြို့တော် စိန့်ပီတာ ရင်ပြင်မှာ စုဝေးနေတဲ့ ခရစ်ယာန် ဘာသာဝင်တွေ၊ ကမ္ဘာလှည့် ခရီးသည်တွေကို ဟောခဲ့တဲ့ တနင်္ဂနွေနေ့ တရားထဲ ရိုဟင်ဂျာ မွတ်ဆလင်တွေ အရေး ပုပ်ရဟန်း မင်းကြီးက ထည့်သွင်း ပြောကြား ခဲ့ပြီး ဆုတောင်း ပေးခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံဆီ အခုနှစ် မကုန်ခင် သွားရောက်မယ် ဆိုတဲ့ သတင်းတွေ ဗာတီကန် သတင်းရပ်ကွက် ကနေ ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ် နေပါတယ်။