မကွေးတိုင်းထဲက ရေနံမြေသစ်ရဲ့ အလားအလာ

  • 28 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် GOOGLE EARTH : U AUNG MIN
Image caption လက်ရှိမှာတော့ ရေနံမြေအသစ်နေရာမှာ တိုင်းထွာလေ့လာမှု အဆင့်ဆင့် ဆောင်ရွက်နေ

ပြီးခဲ့တဲ့ ရက်ပိုင်းက မကွေးတိုင်းဒေသကြီးထဲမှာ ရေနံမြေအသစ် တွေ့ရှိထားတယ်ဆိုပြီး အစိုးရဘက်က ထုတ်ပြန်ထားတာနဲ့ ပတ်သက်လို့ ဘူမိဗေဒအသိုင်းအဝိုင်းကြားမှာ ဆွေးနွေး ငြင်းခုံ ထောက်ပြ ပြောဆိုတာတွေ ရှိနေပါတယ်။

အလျားမိုင် ၂၀ အနံ ၃ မိုင်လောက် ရှိတဲ့ မကွေးတိုင်းထဲက အဲဒီ ရေနံမြေသစ်ဟာ အလွန် အလားအလာ ကောင်းမွန်တယ်ဆိုပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အထိ တင်ပြထားတာပါ။

ရေနံထွက်နိုင်တယ် ဆိုပြီး ခန့်မှန်းထားတဲ့ နေရာက မကွေးတိုင်းထဲက မင်းဘူး၊ ထောက်ရှာပင်ကနေ ငဖဲ၊ စေတုတ္တရာ မြို့နယ်တွေအထိ ရှည်လျားပြီး လက်ရှိ အကြီးဆုံးရေနံကြောတွေထဲမှာပါတဲ့ မန်းရေနံမြေ၊ ထောက်ရှာပင်ရေနံမြေနဲ့ တဆက်တည်းရှိနေပါတယ်။

ဒီနေရာမှာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းက အကြီးတန်း ဘူမိဗေဒအရာရှိ ကိုယ်တိုင်လာရောက်ပြီး ကွင်းဆင်းစစ်ဆေးမှုတွေနဲ့ ဘူမိဗေဒ တိုင်းထွာမှုတွေ လုပ်နေချိန်မှာပဲ အဲဒီမှာ ရေနံရှိနိုင်တဲ့ မြေလွှာအနေအထားမျိုး မရှိဘူးဆိုပြီး ဝေဖန်ပြောဆိုမှုတွေလည်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ရေနံသိုက် ရှိမယ် ဆိုပြီး ခန့်မှန်းတဲ့ နေရာက ကမ်းနီနဲ့ ထန်ကိုင်း ရေနံမြေတွေရဲ့ အနောက်ဘက် လက်ရှိ ရေနံထုတ်လုပ်နေတဲ့ နေရာတွေ ဖြစ်တာမလို့ ရေနံခိုအောင်းနိုင်ဖို့ အလားအလာ မရှိဘူးလို့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထန်ကိုင်းရေနံမြေရဲ့ အထွေထွေမန်နေဂျာ ဦးလှမျိုးထွန်းက သူ့အမြင်ကို ဘီဘီစီကို ပြောပါတယ်။ ရေနံရှာဖွေတဲ့ နေရာမှာ Google Earth က ဓာတ်ပုံကို ကြည့်ပြီး တွက်ချက်တာကလည်း အလွန်အကျွံ ခန့်မှန်းတာ ဖြစ်တယ်လို့ ဦးလှမျိုးထွန်းက သုံးသပ်ပါတယ်။

ဒီရေနံကြောကို စတင်တွေ့ခဲ့ပြီး အစိုးရကို တင်ပြခဲ့သူ ဘူမိဗေဒ ပညာရှင် ဦးအောင်မင်းကတော့ သူအနေနဲ့ ရေနံထွက်နိုင်တဲ့ အနေအထားကို ဂူဂဲဂြိုဟ်တုဓာတ်ပုံတွေမှာ စတင်တွေ့ခဲ့တာမှန်ပေမယ့် လက်တွေ့မြေပြင် ကွင်းဆင်းလေ့လာမှုတွေကရတဲ့ အချက်အလက်တွေကိုလည်း အခြေခံခဲ့တာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

အခု လေ့လာရသလောက် အဲဒီဒေသက ရေနံထွက်နိုင်တဲ့ အနေအထားမျိုးလို့ ဆိုနိုင်ပြီး ဒါကို နောက်ထပ် ကွင်းဆင်း တိုင်းထွာ လေ့လာမှုတွေ လုပ်ပြီးမှသာ အတည်ပြုနိုင်မယ်လို့လည်း ဦးအောင်မင်းက ဆိုပါတယ်။

မကွေးတိုင်းဒေသကြီး အစိုးရဘက်ကလည်း ရေနံကြောရှိနိုင်တယ်ဆိုတဲ့ နေရာမှာ မြေလွှာတွေရဲ့ အနေအထားကို ဘူမိဗေဒ တိုင်းထွာမှုတွေလုပ်ရမယ့် အဆင့်တွေကတော့ အများကြီး ကျန်သေးသလို အချိန်ယူ ဆောင်ရွက်ရဦးမှာ ဖြစ်တယ်လို့လည်းပြောပါတယ်။

လောလောဆယ်မှာတော့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ကနေ ဦးဆောင်ပြီး ရေနံကြော ရှိနိုင်တယ်ဆိုတဲ့ နေရာမှာ မြေလွှာတွေရဲ့ အနေအထားကို ဆိုက်စမစ် တိုင်းထွာပြီး ရေနံ သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်တဲ့ အခြေအနေမျိုး ရှိမရှိ အဆင့်ဆင့် ကွင်းဆင်းလေ့လာမှုတွေ လုပ်နေပါတယ်။

ဒီအဆင့်တွေပြီးမှသာ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကို အစီရင်ခံစာတင်ပြပြီး အဲဒီအချိန်ကျမှသာ အဲဒီနေရာမှာ ရေနံသိုက် တကယ်ရှိမရှိ အတိအကျ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

ဘီဘီစီ တဝန်း