သစ်ပင်ခုတ်ပြီး ကားလမ်းချဲ့မှာကို စိုးရိမ်နေကြ

  • 28 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Ye Kyaw
Image caption ပခုက္ကူ-မြိုင် ကားလမ်းပိုင်း တိုးချဲ့ဖို့ရာမှာ အရိပ်ရ အပင် ၆၀ဝ လောက် ခုတ်ဖို့ရှိ

မကွေးတိုင်းဒေသကြီး ပခုက္ကူ-မြိုင် ကားလမ်းပိုင်း တိုးချဲ့ဖို့ရာ လမ်းဘေးဝဲယာက အရိပ်ရ အပင်ပေါင်း ၆၀ဝ ကျော်ကို လမ်းလုပ်ကိုင်ခွင့် ရရှိထားတဲ့ကုမ္ပဏီက အနီရောင်ကြက်ခြေခတ် အမှတ်အသား ပြုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီဒေသမှာ လမ်းတိုးချဲ့လေ့ရှိတိုင်း မလွတ်ကင်းတဲ့သစ်ပင်တွေကို ခုတ်လှဲဖို့ ဒီလိုအမှတ်အသား ပြုတတ်တာကြောင့် ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

မူလအကျယ် ၁၂ ပေရှိတဲ့ ပခုက္ကူ - မြိုင် ကားလမ်းကို ၁၈ ပေ အကျယ် ကားလမ်းအဖြစ် တိုးချဲ့ဖို့ကို မြတ်နိုးသူ ကုမ္ပဏီက လုပ်ကိုင်ခွင့် ရရှိထားတာပါ။

အဲဒီမှာ သစ်ပင်တွေ ခုတ်ခံရမယ့် အရေးအတွက် ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ မကွေးတိုင်းအခြေစိုက် Green Network က သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူ ဦးအောင်မျိုးသူက ဘီဘီစီကို ပြောပါတယ်။

လမ်းချဲ့တိုင်းမှာ မလွတ်တဲ့ သစ်ပင်တွေကို ရှင်းတာထက် အခြား နည်းလမ်း အဖြေတွေ ရှာစေချင်တယ်လို့လည်း သူက ဆိုပါတယ်။ အဲဒီ ဒေသမှာ အပင်ကြီးတွေ ရှင်သန်ဖို့က ခက်ခဲလို့ အပင်သေးပေမယ့်လည်း မခုတ်လှဲစေလိုဘူးလို့ သူက ပြောပါတယ်။

သစ်ပင်အများစုက ရှား၊ ထနောင်း၊ တမာ စတဲ့ အညာဒေသရဲ့ အရိပ်ရအပင်တွေ ဖြစ်ပါတယ်။

မကွေးတိုင်း၊ သစ်တောဦးစီးဌာနက အဲဒီလမ်းပိုင်းက သစ်ပင်တွေ ခုတ်လှဲခွင့်တောင်းစာကို လက်ခံရရှိထားပြီး သက်ဆိုင်ရာ အစိုးရဌာနနဲ့ ဒေသခံ ခရိုင်အုပ်ချုပ်ရေးမှူးရုံး အဖွဲ့တွေ ပူးပေါင်းကာ စုံစမ်းစစ်ဆေးဖို့ ရှိတယ်လို့ လက်ထောက်ညွှန်ကြားရေးမှုး ဦးမျိုးခိုင်က ပြောပါတယ်။

မကွေးတိုင်းအတွင်း လမ်းတွေတိုးချဲ့ရာမှာ မလွတ်ကင်းတဲ့ သစ်ပင်တွေကို ခုတ်လှဲပြီး တိုးချဲ့မယ့် ဖြစ်စဉ် တွေ အရင်ကလည်း ဖြစ်ခဲ့ဖူးပြီး အဲဒီမှာ ဒေသခံတွေနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေက တိုင်းအစိုးရ အာဏာပိုင်တွေနဲ့ ဆွေးနွေးနိုင်ခဲ့ကြလို့ အခုတ်ခံရမယ့် ဘေးကလွတ်ကင်းခဲ့ရတာတွေ ရှိခဲ့ဖူးပါတယ်။

အခုကိစ္စမှာလည်း သက်ဆိုင်ရာရဲ့ ဆုံးဖြတ်ချက် အပေါ်မူတည်မှာ ဖြစ်ပြီး တကယ်လို့ ခုတ်လှဲခဲ့ရင်လည်း အစားထိုး ပြန်စိုက်ပေးရမယ့် မူ ရှိတယ်လို့ ဦးမျိုးခိုင်က ပြောပါတယ်။

ဒေသခံတွေဘက်ကတော့ သွားလာရအဆင်ပြေဖို့ လမ်းတိုးချဲ့ပေးစေလိုပေမယ့် အရိပ်ရသစ်ပင်တွေ ခုတ်လှဲတာကို ရှောင်ကြဉ်ပြီး ပိုကောင်းမွန်တဲ့ နည်းလမ်းတွေရှာစေချင်တယ်လို့ ဆိုပါတယ်။

သစ်ပင်တပင် ရှင်သန်ကြီးထွားဖို့ မလွယ်ကူတဲ့ ဒီဒေသမှာ သစ်ပင်တွေ အခုတ်ခံမယ့်ဘေးက ကယ်တင်ပေးကြဖို့ ဒေသခံတွေက သူတို့ရဲ့ အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာတွေက တဆင့်လည်း လှုံ့ဆော် တောင်းဆိုနေကြပါတယ်။

ဘီဘီစီ တဝန်း