အနိမ့်ဆုံးလုပ်ခတိုးမြှင့်နိုင်ဖို့ စစ်တမ်းကောက်ယူမယ်

  • 28 ဩဂုတ် 2017
Image caption အထည်ချုပ်စက်ရုံတွေမှာ အလုပ်ရှင်နဲ့ အလုပ်သမားကြား လစာညှိနှိုင်းမရမှုတွေ ဖြစ်လေ့ရှိ

အနိမ့်ဆုံး တနေ့ လုပ်အားခ ၃,၆၀ဝ ကျပ် ထက် တိုးမြှင့်သတ်မှတ်နိုင်ဖို့ အတွက် ရန်ကုန်တိုင်းအတွင်းက စက်ရုံအလုပ်သမားတွေရဲ့ ကုန်ကျစရိတ်ကို မနက်ဖြန်ကစလို့ အစိုးရက စစ်တမ်း ကောက်ယူတော့မှာ ဖြစ်ပါတယ်။

ရန်ကုန်နဲ့ မန္တလေး မြို့တွေမှာရှိတဲ့ စက်မှုဇုန်တွေမှာ နေထိုင်တဲ့ အလုပ်သမားတွေရဲ့ တနေ့တာ နေထိုင်စားသောက်မှု ကုန်ကျစရိတ်နဲ့ ပတ်သက်လို့ အနည်းဆုံးအခကြေးငွေ ကော်မတီကနေ လိုက်လံကောက်ခံမှာပါ။

အသက်အရွယ် အပိုင်းအခြား သတ်မှတ်မထားဘဲ အလုပ်လုပ်နေတဲ့ အလုပ်သမားတိုင်းကို တွေ့ဆုံပြီး သူတို့ အလုပ်လုပ်နေတဲ့ စက်ရုံ အလုပ်ရုံတွေထဲ အထိ သွားရောက် စာရင်းကောက်ယူမှာ ဖြစ်တယ်လို့ အနည်းဆုံးလုပ်ခကြေးငွေ အမျိုးသားအဆင့်ကော်မတီက အလုပ်သမားကိုယ်စားလှယ် ဦးဝင်းဇော်က ဘီဘီစီကို ပြောပါတယ်။

နေထိုင် စားသောက်မှု ကုန်ကျစရိတ်၊ ခရီးစရိတ်နဲ့ ကျန်းမာရေး အတွက် လုပ်သားတွေ အနည်းဆုံး ဘယ်လောက် ကုန်ကျနေသလဲ ဆိုတာကို အခြေခံပြီး တွက်ချက်မှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

တနေ့ အလုပ်ချိန် (၈) နာရီမှာ အနည်းဆုံး လုပ်အားခ ၃,၆၀ဝ ကျပ်ပေးရမယ်ဆိုပြီး ပြည်ထောင်စု အစိုးရက ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ သတ်မှတ်ပေးခဲ့ပြီး အခုလို ၂ နှစ်ပြည့်ခါနီးချိန်မှာ ဥပဒေအရ ဒီနှုန်းထားကို ပြင်ဆင်သတ်မှတ်ပေးရတော့မှာ ဖြစ်ပါတယ်။

အလုပ်သမားတွေဘက်ကတော့ တနေ့လုပ်ခ ၃,၆၀ဝ ကျပ် ကနေ ၅,၆၀ဝ ကျပ် ရဖို့၊ ပြောဆိုမှုတွေ ရှိနေသလို တနေ့ကို လုပ်အားခ ကျပ်၇,ဝ၀ဝ ကျော်ရလာဖို့ကိုလည်း မျှော်မှန်းနေပါတယ်။

အနိမ့်ဆုံး လုပ်ခလစာ မသတ်မှတ်ခင်က နေထိုင်စားသောက် စရိတ်တွေက အခု သတ်မှတ်အပြီးမှာ နှစ်ဆ တက်သွားတာတွေ ရှိတယ်လို့ သွေးစည်းညီညွတ်သော အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ဦးဆောင်သူတဦးဖြစ်တဲ့ ဒေါ်မျိုးမျိုးအေးက ထောက်ပြပါတယ်။ လုပ်ငန်းရှင်၊ အလုပ်သမား၊ အမျိုးသားကော်မတီနဲ့ အစိုးရ ဘက်အားလုံးကို တလ လုပ်ခလစာ ၂ သိန်း ဆိုတဲ့ တန်းတခုပေါ်မှာ အခြေခံပြီး စဉ်းစားစေချင်တယ်လို့ သူက ပြောပါတယ်။

တဘက်မှာလည်း အလုပ်သမားတွေဘက်က အဆိုပြုနေတဲ့ လုပ်ခလစာ နှုန်းထားတွေကို အလုပ်ရှင်တွေဘက်က ပေးဖို့ ညှိနှိုင်းနိုင်ပါ့မလား ဆိုတဲ့ သုံးသပ်မှုတွေရှိပါတယ်။

လှိုင်သာယာစက်မှုဇုန်က လုပ်ငန်းရှင် တဦးကတော့ အစိုးရက သတ်မှတ်ရင် လုပ်ငန်းရှင်တွေက မဖြစ်မနေ ပေးရမှာ ဖြစ်ပေမယ့် ပြည်ပနဲ့ ယှဉ်ပြိုင်ဖို့ရာကတော့ မလွယ်တော့ဘူးလို့ ဆိုပါတယ်။ အထည်ချုပ်လုပ်ငန်းတွေမှာဆိုရင် အမြတ်မကျန်ရင် လုပ်ငန်း လည်ပတ်မှာ မဟုတ်ဘဲ အလုပ် အော်ဒါတွေလျော့သွားနိုင်တယ်လို့ ပြောပါတယ်။ ပြည်တွင်းက ယှဉ်ပြိုင်ရောင်းတဲ့ အခါ လုပ်ခတက်တဲ့အတွက် ထုတ်လုပ်တဲ့သူက ပစ္စည်းချင်းတူရင် နိုင်ငံခြားသား မယှဉ်နိုင်ဘူးလို့ ထောက်ပြပါတယ်။

အစိုးရကတော့ အနိမ့်ဆုံးလုပ်ခလစာကို ဒီနှစ်မကုန်ခင် တိုးမြှင့်သတ်မှတ်ပေးဖို့ ပြင်ဆင်နေပါတယ်။ လောလောဆယ်မှာ ရန်ကုန်မှာတော့ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံမြို့သစ် အရှေ့၊ ဒဂုံမြို့သစ်မြောက်နဲ့ တောင်ဥက္ကာလပ မြို့နယ်တွေက စက်မှုဇုန်တွေမှာ အလုပ်သမားတွေရဲ့ တနေ့တာ နေထိုင်စားသောက်စရိတ် ကုန်ကျမှု နှုန်းထားတွေကို ကောက်ယူမှုတွေ စလုပ်နေပါတယ်။

ဒီကောက်ယူမှုတွေကနေရတဲ့ အချက်အလက်တွေကို အမျိုးသားအဆင့် အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ရေးကော်မတီကို တင်ပြပြီး ဒီကမှ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ (၃)ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးကာ အနိမ့်ဆုံးလုပ်ခလစာနဲ့ ပတ်သက်တဲ့ နှုန်းထားသစ်တရပ်ကို အဆိုပြုထုတ်ပြန်မှာ ဖြစ်ပါတယ်။

ဘီဘီစီ တဝန်း