မကွေး ရေကြီးမှု လူ ခြောက်သောင်း ဘေးဒဏ် ခံနေရ

  • 28 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ကယ်ဆယ်ရေးစခန်း ၃၀ကျော်ဖွင့်လှစ်ထားရ

မကွေးတိုင်းအတွင်းမှာ ရေကြီးမြင့်တက်မှုတွေဖြစ်ပေါ်တာကြောင့် မြို့နယ် ၉ခုက ဒေသခံ ခြောက်သောင်း ကျော်ဟာ နေအိမ်တွေကနေစွန့်ခွာပြီး ရေလွတ်ရာ ဘုန်းကြီးကျောင်းတွေနဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ သွားရောက် နေထိုင်နေကြရပါတယ်။

မကွေးတိုင်းက ရေကြီးမြင့်တဲ့မြို့နယ်တွေက ဒေသခံတွေကို ကယ်ဆယ်ရေး စခန်းတွေမှာ ပြောင်းရွှေ့ နေရာ ချထား ပေးတယ်လို့ တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်စိုးက ဘီဘီစီကို ပြောပါတယ်။

ရေကြီးမြင့်တက်မှုတွေကြောင့် မကွေးတိုင်းအတွင်းမှာ ကယ်ဆယ်ရေးစခန်း ၃၀ကျော်ဖွင့်လှစ်ထားရသလို စာသင်ကျောင်းတွေလည်းပိတ်ထားရပါတယ်။

ကျောင်းပေါင်း ၂၀၀ကျော်ကို ဩဂုတ်လ ၂၃ရက်နေ့က တည်းက ပိတ်ထားရတာ ဒီကနေ့အထိဖွင့်လှစ်နိုင်ခြင်း မရှိသေးဘူးလို့သိရပါတယ်။

အလားတူ ရေဘေးဒဏ်ခံနေရတဲ့မြို့တစ်မြို့ဖြစ်တဲ့အောင်လံမြို့မှာလည်း မြို့ပေါ်မှာတင် ကယ်ဆယ် ရေးစခန်း ၅ခုဖွင့်လှစ်ထားရတာ ၃ရက်ကျော်ရှိသွားပါပြီ။

ဒီကယ်ဆယ်ရေးစခန်း ၅ခုလုံးကိုပြီးခဲ့တဲ့၃ရက်အထိ ရိက္ခာ ထောက်ပံ့ တာမျိုး မရှိခဲ့ပေမဲ့ ရေဘေးသင့်ပြည်သူတစ်ဦးကို ၂၁၀၀ ကျပ်နှုန်းနဲ့ ထောက်ပံ့ပေးလိုက်တယ်လို့ စမ်းချောင်း ရပ်ကွက် ကယ်ဆယ်ရေး စခန်း တာဝန်ခံ ဦးဖြိုးမင်းထက်က ဘီဘီစီကို ပြောပါတယ် ။

မကွေးတိုင်းဟာ ဒီနှစ်ထဲမှာ ရေကြီးမြင့်မှုဒဏ်ကို နှစ်ကြိမ်တိုင်တိုင်ခံစားခဲ့ရပြီး တိုင်းနဲ့ ပြည်နယ်တွေအနက် ရေဘေးဒဏ်ကို လူဦးရေအများဆုံးခံစားရတဲ့ဒေသတစ်ခုလည်းဖြစ်ပါတယ်။

မကွေးတိုင်း ကရေဘေးသင့် တောင်သူတွေအဖို့ ကျွဲနွား တိရစ္ဆာန် တွေအတွက် အစာမကျွေးနိုင်သလို ရောဂါဖြစ်ပွားရင်တောင်ကုသပေးတာမျိုးတွေမလုပ်နိုင်တာကြောင့် ရေကျသွားရင်တောင် လုပ်ငန်းခွင် ပြန်လည်လုပ်ကိုင်ဖို့ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။