မောင်တောကရွာတွေနဲ့ကင်းစခန်းတခု တိုက်ခိုက်ခံရ

  • 28 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption အစိုးရရေတပ်ကပါ စစ်ကူပေးခဲ့ရ

ရခိုင်ပြည်နယ် မောင်တောမြို့နဲ့ အနီးတဝိုက်က ရခိုင်ရွာတချို့နဲ့ ကင်းစခန်းတခုကို သြဂုတ်လ ၂၈ ရက်နေ့ နေ့လည်ပိုင်းမှာ ထောင်ဂဏန်းခန့်ရှိတဲ့ ARSA (Arakan Rohingya Salavation Army) အကြမ်းဖက် တိုက်ခိုက်သူတွေက ဝိုင်းဝန်းတိုက်ခိုက်ခဲ့တဲ့အတွက် ရေတပ်ကပါ စစ်ကူပေးခဲ့ရပါတယ်။

မောင်တောမြောက်ပိုင်းက သရက်ကုန်းရွာကို မွတ်စလင်တွေ နေထိုင်တဲ့ ရွာသုံးရွာကနေ ရောက်လာတဲ့ အဲဒီ အကြမ်းဖက်တိုက်ခိုက်သူတွေက ဝိုင်းရံထားခဲ့ပြီး အစိုးရရေတပ်အဖွဲ့ဝင်တွေ ရောက်လာမှ ပြန်ဆုတ်သွားတယ်လို့ ဒေသခံ ရွာသားတဦးက ဘီဘီစီကို ပြောပါတယ်။

မောင်တောတောင်ပိုင်းမှာလည်း ကျောက်ပန်းတူ ကင်းစခန်းကို အကြမ်းဖက် တိုက်ခိုက်သူ လူ ၃၀ဝ လောက်က တုတ်၊ ဓါးနဲ့ သေနတ်တွေ ကိုင်ဆောင်ပြီး ဝိုင်းဝန်းတိုက်ခိုက်တဲ့အတွက် အပြင်းအထန် ခုခံခဲ့ရတယ်လို့ ကျောက်ပန်းတူ မူလတန်း ကျောင်းအုပ်ဆရာကြီး ဦးဝင်းလှိုင်က ပြောပါတယ်။

မောင်တော တောင်ပိုင်းမှာပဲ ရှိတဲ့ အထက်ပြူးမရွာနဲ့ ဖားဝပ်ချောင်းရွာကို ARSA အကြမ်းဖက် တိုက်ခိုက်သူတွေက မီးရှို့တိုက်ခိုက်ခဲ့လို့ အိမ်ခြေ ၃၅လုံး ပျက်စီးခဲ့သလို ကပ်လျက် ငါးခူရနဲ့ ရေမျောတောင်ရွာတွေမှာလည်း အခုလို မီးရှို့တိုက်ခိုက်ခံရ နိုင်ချေ ရှိတယ်လို့ ကပ်ပကောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ARSA အကြမ်းဖက်တိုက်ခိုက်သူတွေက သြဂုတ်လ ၂၅ ရက်နေ့က စပြီး ရခိုင်ပြည်နယ်အနောက်ပိုင်းက ရဲကင်းစခန်းတွေကို စတင် တိုက်ခိုက်ပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသူတွေဟာ အစိုးရတပ်မတော်က တိုက်ခိုက်လို့ ထွက်ပြေးတာ မဟုတ်ကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်ကိစ္စတွေ ပုံမှန် အတိုင်း ညှိနှိုင်းဆောင်ရွက်မှု ရှိတယ်လို့လည်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဦးဝင်းမြတ်အေးက ဘီဘီစီကို ပြောပါတယ်။

ARSA အကြမ်းဖက် တိုက်ခိုက်သူတွေဟာ နယ်ခြားစောင့် စခန်းတွေနဲ့ ရဲကင်းစခန်းတွေသာမက ရခိုင်ကျေးရွာတွေကိုပါ တိုးမြှင့်တိုက်ခိုက်လာပြီး အခြေအနေတွေ ပိုပြီး ရှုပ်ထွေးလာတဲ့အတွက် ဒေသခံတွေ လုံခြုံမှုမရှိပဲ စိုးရိမ်မှုတွေ တိုးပွားလာတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ