ရခိုင်ဒေသမှာ အရပ်သား ထောင်နဲ့ချီ ပိတ်မိနေဆဲ

  • 29 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption မောင်တောမြို့နယ်ထဲက ရခိုင်ရွာတွေက အိမ်တွေ အများဆုံး မီးရှို့ ဖျက်ဆီးခံရ

ရခိုင်ပြည်နယ် မောင်တော ၊ ဘူးသီးတောင်နဲ့ ရသေ့တောင် ဒေသတွေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထောင်ပေါင်းများစွာ ပိတ်မိနေကြပြီး ကယ်ဆယ်ရေး အကူအညီတွေ အရောက်ပို့ပေးနိုင်ဖို့ အခက်အခဲ ကြုံနေရတယ်လို့ သိရပါတယ်။

အဲဒီဒေသတွေထဲမှာ မောင်တောမြို့နယ်က ရွာတွေက မီးရှို့ခံရမှု အများဆုံး ဖြစ်ပြီး အဆိုးဝါးဆုံးလို့ ပြောနိုင်ကြောင်း လူမှုကယ်ဆယ်ရေး အကူအညီတွေ သွားရောက် ဝေငှပေးနိုင်ဖို့ ကြိုးစားနေတဲ့ ရခိုင် အမျိုးသား ပါတီ အရေးပေါ် ဘေးဒုက္ခ ကူညီ ကယ်ဆယ်ရေး ကော်မတီ ဥက္ကဌ ဒေါ်အေးနုစိန်က ပြောပါတယ်။

အကြမ်းဖက်သမားတွေရဲ့ မိုင်းထောင် ဖျက်ဆီးမှုတွေကြောင့် လမ်းပန်း အဆက်အသွယ်တွေ ပြတ်နေပြီး အဲဒီ ဒေသတွေမှာ စားနပ်ရိက္ခာတွေ ပြတ်လပ်နေကြောင်းနဲ့ အစား၂နပ်ကို တနပ်ထဲ စားရတာမျိုး ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ဦးစားပေး ကျွေးပြီး ကျန်တဲ့သူတွေက အငတ်ခံနေရတာမျိုးတွေနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။

အခုရက်ပိုင်းအတွင်း ရိက္ခာတွေ ကုန်တော့မှာမို့ ဆန်၊ဆီ၊ ပဲ ၊ ငါးခြောက်စတဲ့ အခြေခံ အစားအစာတွေကို ဒုက္ခသည်တွေဆီ အမြန်ပို့ပေးနိုင်အောင် သက်ဆိုင်ရာနဲ့ ပူးပေါင်း စီစဉ်နေတယ်လို့ ပြောပါတယ်။