ရခိုင်ဒေသ ပဋိပက္ခအကြောင်း ICG သုံးသပ်ချက်

  • 29 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရဲကင်းစခန်း အများအပြားကို ARSA အကြမ်းဖက်အဖွဲ့ တိုက်ခိုက်ခဲ့

ရခိုင်ပြည်နယ်မှာ ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပဋိပက္ခတွေ အရှိန် မြင့်လာတဲ့အတွက် မြန်မာအစိုးရ အနေနဲ့ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင် အကြံပေး ကော်မရှင် အဖွဲ့ရဲ့ အကြံပြုချက်တွေကို အကောင်အထည် ဖော်ဖို့ ပိုမို ခက်ခဲသွားစေပြီး ခပ်မြန်မြန် ဆောင်ရွက်ဖို့ တွန်းအားပေးမှုတွေ ဖြစ်စေခဲ့တယ်လို့ နိုင်ငံတကာ ပဋိပက္ခ လေ့လာရေး အဖွဲ့ ICG က သုံးသပ်ချက် တစောင် ထုတ်ပြန်ထားပါတယ်။

အခု ကြုံနေရတဲ့ ပဋိပက္ခက ခန့်မှန်းရဖို့ ခက်သလို ကာကွယ်ဖို့လည်း ခက်တယ်လို့ အဲဒီသုံးသပ်ချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်း ARSA အကြမ်းဖက် တိုက်ခိုက်သူတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် မြန်မာ လုံခြုံရေး တပ်ဖွဲ့ နဲ့ အစိုးရ ၀န်ထမ်းတွေ အများအပြား သေဆုံးခဲ့ရသလို ARSA တပ်ဖွဲ့၀င် ခုနှစ်ဆယ်ကျော်လည်း သေဆုံးခဲ့ပါတယ်။

၂၀၁၂ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ ရခိုင်ဒေသ အကြမ်းဖက်မှုနဲ့ ၂၀၁၆ခုနှစ် အောက်တိုဘာလ တုန်းက တိုက်ခိုက်မှု ကျူးလွန်ခဲ့တဲ့ အဖွဲ့သစ် တခုဖြစ်တဲ့ ၊ သူတို့ကိုယ် သူတို့ ARSA / ဟော်ရကာ အာ ရက်ကင်း ဆိုတဲ့ လက်နက်ကိုင် အဖွဲ့သစ် တခု ထွက်ပေါ်လာတာဟာ ရခိုင် ပြဿနာကို ကာလ အတန်ကြာ ဖြေရှင်းနေတာ မအောင်မြင်ဖူးလို့ ယူဆနိုင်ကြောင်း ICGအဖွဲ့ရဲ့ အာရှရေးရာ ပရိုဂရမ် ဒါရိုက်တာ Miss Anagha Neelakantan က ပြောပါတယ်။

အခုနောက်ဆုံး လုပ်ခဲ့တဲ့ ARSA အဖွဲ့ရဲ့ အကြမ်းဖက်မှုဟာ တကယ်လို့ အစိုးရ စစ်တပ်ဘက်က ခပ်ကြမ်းကြမ်း ပြန်တုံ့ပြန်အောင် ရန်စတာ ဆိုရင် သူ့တို့ မျှော်မှန်းသလို စစ်တပ်က ပြန်တိုက်ခိုက်တဲ့ အတွက် နိုင်ငံတကာက အာရုံစိုက်လာနိုင်ကြောင်း၊ ဒါပေမယ့် ဒါဟာ ရိုဟင်ဂျာတွေ လိုချင်တဲ့ နိုင်ငံသား အခွင့်အရေးနဲ့ လွတ်လပ်စွာ သွားလာခွင့်တွေ ရလာဖို့အတွက်တော့ သိပ် အကျိုးပြုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် မတူညီတဲ့ လူမျိုးစုတွေကြား စိတ်ဝမ်း ကွဲပြားမှုတွေကို ပြန်စေ့စပ်ပေးနိုင်ဖို့ ကြိုးစားတဲ့ အခါမှာလည်း အထောက်အပံ့ ဖြစ်စေဖို့ထက် အခက်အခဲတွေ ပိုရှိလာနိုင်တယ်လို့ Miss Anagha Neelakantan က ပြောပါတယ်။

ARSA အဖွဲ့က လူတွေဟာ ပါကစ္စတန်မှာ လေ့ကျင့် သင်ကြားထားသူတွေ ဖြစ်ပေမယ့် နိုင်ငံတကာ ဂျီဟာ့ဒ် အဖွဲ့တွေနဲ့ ဆက်စပ်မှု မရှိဘူးလို့ ICG ရဲ့ သုံးသပ်ချက်မှာ ဖေါ်ပြထားပါတယ်။