NGO ဝန်ထမ်းတချို့ ရခိုင် တိုက်ခိုက်မှုမှာ ပတ်သက် နေတယ်လို့ဆို

  • 29 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်နဲ့ ပြည်ထဲရေး ပြည်ထဲရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေ ရခိုင်အရေးရှင်းလင်း

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှု တွေမှာ အစိုးရ မဟုတ်တဲ့ အန်ဂျီအို အဖွဲ့အစည်းတွေနဲ့ ၊ နိုင်ငံတကာ အိုင်အန်ဂျီအို အဖွဲ့အစည်း တချို့မှာ အလုပ် လုပ်နေသူ ဒေသဆိုင်ရာ ဝန်ထမ်း တချို့ ပါဝင် ပတ်သက် နေတယ်လို့ အစိုးရက ပြောပါတယ်။

တိုက်ခိုက်မှု နောက်ဆက်တွဲ ဖြစ်စဉ်တွေနဲ့ ဒေသတွင်း နောက်ဆုံး အခြေနေတွေ အကြောင်း အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် ဦးသောင်းထွန်းနဲ့ ပြည်ထဲရေး ဝန်ကြီးဌာန တာဝန်ရှိသူ တွေက နိုင်ငံတကာ သံတမန်တွေကို သြဂုတ်လ ၂၉ ရက်က ရန်ကုန်မြို့မှာ ရှင်းလင်း ပြောပြစဉ် အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

ဘူးသီးတောင် မောင်တော ဒေသက အကူအညီပေးရေး လုပ်ငန်းတွေနဲ့ တည်ဆောက်ရေး အတွက် တင်သွင်းတဲ့ သံပိုက်လုံးတွေ၊ ဓါတ်မြေသြဇာ တွေကို လက်လုပ် မိုင်းတွေ ခဲယမ်းတွေ အဖြစ်သုံးပြီး တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင် တွေကို အကြမ်းဖက် တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ ပြည်ထဲရေး ဝန်ကြီးဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောခဲ့ ပါတယ်။

ဘယ်အဖွဲ့အစည်းက ဝန်ထမ်းတွေ ပါဝင်နေတယ်ဆိုတာတော့ သူက အသေးစိတ် ရှင်းမပြခဲ့ ပါဘူး။

သြဂုတ်လ ၂၅ ရက်နေ့ကနေ ၂၉ ရက် အထိ တိုက်ခိုက်မှု စုစုပေါင်း ၆၆ ကြိမ် ဖြစ်ခဲ့တယ် လို့လည်း အာဏာပိုင်တွေ ဘက်က ပြောပါတယ်။

အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် ဦးသောင်းထွန်း ကတော့ ကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပြုချက်ကို အစိုးရဘက်က ကြိုဆို အကောင်ထည် ဖော်မှာဖြစ်ပြီး နယ်မြေ တည်ငြိမ်မှု ရှိဖို့တော့ လိုအပ်တယ်လို့ ပြောပါတယ်။

မောင်တော ဒေသမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သူတို့ကိုယ် သူတို့ကာကွယ်တဲ့အနေနဲ့ ပစ်ခတ် နှိမ်နင်း ခဲ့ရတာဖြစ်ပြီး လူ့အခွင့်အရေးကို လေးစား လိုက်နာသွားမယ်၊ ချိုးဖောက်မှုတွေ ရှိလာရင်လည်း ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ပေးမှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ကလည်း နေပြည်တော်မှာ အလားတူ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး အခြေအနေ တွေကို ရှင်းလင်းခဲ့ပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တော ဒေသမှာ တပ်မတော် နယ်မြေ ရှင်းလင်းရေး လုပ်နေတဲ့ အခြေအနေနဲ့ ARSA အကြမ်းဖက် တိုက်ခိုက်သူတွေရဲ့ လှုပ်ရှားမှုတွေကို အဓိကထား ပြောခဲ့ ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက အကြမ်းဖက်မှု တွေမှာ ရဲတပ်ဖွဲ့က လုံခြုံရေးအပြည့်အဝ မဆောင်ရွက်နိုင် တာကြောင့် စစ်ဆင်ရေး အသွင်နဲ့ တပ်မတော်ဦးဆောင်ပြီး နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်ရတာ ဖြစ်ကြောင်း နဲ့ နိုင်ငံတော်လုံခြုံရေးမှာ အဆင့်မြင့်ဆုံးဖြစ်တဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီအစည်းအဝေး ဖြစ်တဲ့ ကာလုံ ခေါ်ဖို့ လိုတယ်လို့ စစ်ဖက်ရေးရာနဲ့ လုံခြုံရေး ဒုတိယ အရာရှိချုပ် ဗိုလ်ချုပ်သန်းထွဋ်သိန်းက ပြောပါတယ်။

ARSA အကြမ်းဖက်သမားတွေဟာ နှစ်နိုင်ငံ နယ်စပ် ဖြတ်ကျော်ပြီး ဒုက္ခသည် စခန်းတွေကို ဝင်ထွက် သွားလာပြီး ခိုအောင်းတာတွေ ရှိခဲ့ တယ်လို့လည်း သူက ဆက်ရှင်းပြ ပါတယ်။

ရခိုင်ပြည်နယ် အကြမ်းဖက်မှု တွေနဲ့ ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ပြည်ထဲရေး ဝန်ကြီး၊ ကာကွယ်ရေး ဝန်ကြီးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးတို့ ညှိနှိုင်း တိုင်ပင်တာတွေ ရှိခဲ့ပြီး စစ်ဆင်ရေး ဆောင်ရွက်ရာမှာ တပ်မတော်က ရဟတ်ယာဉ်တွေ သုံးဖို့၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ခွင့်ပြုကြောင်း ညှိနှိုင်းခဲ့တယ်လို့လည်း သူက ပြောပါတယ်။