ပူးတွဲစစ်ဆင်ရေး ဘင်္ဂလားဒေ့ရှ်ကမ်းလှမ်း

  • 29 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ရခိုင်မှာ ရဲစခန်း၃၀နီးပါး အတိုက်ခံရ

ဘင်္ဂလားဒေ့ရှ် အစိုးရက အစ္စလမ်မစ် စစ်သွေးကြွနဲ့ အကြမ်းဖက်သမားတွေကို နှစ်နိုင်ငံကြားမှာ ပူးတွဲ စစ်ဆင်ရေးတွေ ပြုလုပ်ဖို့ မြန်မာ အစိုးရဘက်ကို ကမ်းလှမ်း လာပါတယ်။ အဲဒီကမ်းလှမ်း ချက်ထဲမှာ မြန်မာနိုင်ငံရဲ့ လုံခြုံရေး ပြဿနာတွေကို ဖြေရှင်းရာမှာ ကူညီတဲ့ အနေနဲ့ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်ဖို့ နယ်စပ်တလျှောက် ပူးတွဲကင်းလှည့်ဖို့ အကြံပြုထားပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် ပိုင်နက်ကို အသုံးပြုပြီး အိမ်နီးချင်း နိုင်ငံကိုတိုက်ခိုက်တဲ့ ဘယ်လို အကြမ်း ဖက်မှုမျိုးကိုမှာ လက်ခံမှာ မဟုတ်ဖူးလို့ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ ကမ်းလှမ်းချက်ထဲမှာ ပါဝင်ကြောင်း ရန်ကုန်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် သံရုံးမှပထမ အတွင်းဝန်က ဘီဘီစီကိုပြောပါတယ်။

နယ်စပ်မှာ နှစ်နိုင်ငံကြား စစ်ရေးပူးတွဲ ဆောင်ရွက်မှုတွေနဲ့ပတ်သက်လို့ နယ်ခြားစောင့် တပ်ဖွဲ့မှ ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင် ကတော့အခု အခါ ပူးတွဲ စစ်ဆင်ရေးတွေ လုပ်တာ မရှိသေးကြောင်း ၂နိုင်ငံညှိနှိုင်းပြီး နယ်စပ်မျဉ်းတလျှောက်နဲ့နတ်မြစ်ထဲမှာ အတူယှဉ်ပြိုင် ကင်းလှည့်တာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အပြန်အလှန် သတင်းဖလှယ် တာတွေလည်းဆောင်ရွက်နေတယ်လို့ သူရစန်းလွင်ကပြောပါတယ်။

အကြမ်းဖက် တိုက်ခိုက်သူတွေနဲ့ ပတ်သက်လို့ အများစုဟာ ရွာသားတွေလား လက်နက်ကိုင် တွေလားလို့ မေးကြည့်ရာမှာ အကြမ်းဖက် သမားတွေက ရွာတွေမှာ လက်နက်ကိုင် သင်တန်းတွေ အကြမ်းဖက်လုပ်ငန်းတွေ လျှို့ဝှက် သင်ကြားတာမျိုးတွေ ပြုလုပ်ပြီး အခုအခါ ရွားသားတွေက လက်လုပ် သေနတ် လက်လုပ်လောင်ချာ လက်လုပ်ဗုံးတွေနဲ့ တိုက်ခိုက်ကြကြောင်း ကားတွေကိုလည်း မိုင်းထောင် တိုက်ခိုက်ကြောင်း သူရစန်းလွင်ကပြောပါတယ်။

အကြမ်းဖက် တိုက်ခိုက်သူတွေ ဆုတ်ခွာတဲ့အခါ ရွာတွေကို မီးရှို့လေ့ ရှိကြောင်း ဒါဟာတပ်မတော်က မီးရှို့တယ်လို့ နိုင်ငံတကာက ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်တာ ဖြစ်သလို အိမ်တွေထဲက မိုင်းတွေကွဲတဲ့အခါ လုံခြုံရေး တပ်ဖွဲ့တွေကို ထိခိုက်အောင် လုပ်တာလည်း ဖြစ်တယ်လို့ဆိုပါတယ်။

တပ်မတော် ကသေနတ်နဲ့လိုက်ပစ်လို့ ဘင်္ဂလားဒေ့ရှ်ကို ရွာသားတွေ ထွက်ပြေးရတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ရွာတွေကို မီးရှို့တာ စခန်းတွေကို တိုက်ခိုက်တာတွေကို ခုခံကာကွယ်နေရလို့ သေနတ်နဲ့ လိုက်ပစ်ချိန် မရှိဘူးလို့ ရဲမှူးချုပ် သူရစန်းလွင်က ဘီဘီစီကို ပြောကြားသွားပါတယ်။