ရခိုင်ကော်မရှင်ရဲ့ အစီရင်ခံစာကို ကန့်ကွက်

  • 30 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption INGO တွေဟာ မောင်တောကို လာဖျက်ဆီးတဲ့ အကြမ်းဖက် သမားတွေလို့ ဦးဝီရသူ ခေါ်ဆို

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် အစီရင်ခံစာ ကို အမျိုးသားရေး ဝါဒီတွေက ဆန္ဒပြပွဲ တစ်ခု ပြုလုပ်ခဲ့ကြ ပါတယ်။

အစီရင်ခံစာမှာ ပါတဲ့ ၁၉၈၂ ခုနစ် နိုင်ငံသားဖြစ်မှု ဥပဒေကို ပြင်ဆင်ဖို့ အကြံပြုတဲ့ ကိစ္စ ကိုလည်း ကန့်ကွက်ကြ ပါတယ်။

သြဂုတ်လ ၃၀ ရက်နေ့ ညနေက ရန်ကုန် မြို့တော်ခန်းမ ရှေ့မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲကို တက်ရောက် လာတဲ့ ဆရာတော် ဦးဝီရသူ ကလည်း ကုလသမဂ္ဂ အပါအဝင် အစိုးရ မဟုတ်တဲ့ နိုင်ငံတကာ အကူညီပေးရေး အဖွဲ့ INGO တွေ ရခိုင်ပြည်နယ် ကနေ ထွက်သွားကြဖို့ တောင်းဆိုခဲ့ ပါတယ်။

ဒေသခံ တိုင်းရင်းသား တွေကို ပိုမို အကာကွယ်ပေးဖို့၊ နိုင်ငံတကာ အဖွဲ့အစည်း တွေကို ကန့်ကွက်ဖို့၊ ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေကို ဆန့်ကျင် ရှုတ်ချဖို့ တောင်းဆိုတဲ့ ဆန္ဒပြသူ ၁၀၀ လောက်ရှိခဲ့ ပါတယ်။

ဆရာတော် ဦးဝီရသူက ရခိုင်ပြည်နယ်က အကြမ်းဖက် တိုက်ခိုက်မှုတွေထဲမှာ INGO တွေ ပါဝင်နေတယ်၊ သူတို့ဟာ မောင်တောကို လာဖျက်ဆီးတဲ့ အကြမ်းဖက် သမားတွေ လို့ ပြောဆို ပါတယ်။

NGO ၊ INGO တွေက ၂၀၁၂ ခုနှစ်က မောင်တောမှာ စတင် ဖြစ်ပွား ခဲ့တဲ့ ပဋိပက္ခ တွေမှာလည်း အားပေး အားမြှောက် လုပ်ခဲ့တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေကို ဆရာတော်က မိန့်ကြားပါတယ်။

မောင်တော တိုက်ခိုက်မှုမှာ အသုံးပြုတဲ့ လက်လုပ်မိုင်းတွေ ပေါ်လာတာဟာလည်း NGO ၊ INGO တွေရဲ့ ထောက်ပံ့မှု တွေကြောင့် ဖြစ်တယ်လို့ ဦးဝီရသူက ဆိုပါတယ်။

NGO ၊ INGO အဖွဲ့တွေရဲ့ ဒေသခံ ဝန်ထမ်း တချို့က လတ်တလော အကြမ်းဖက် တိုက်ခိုက်မှု တွေမှာ ပါဝင်တယ်လို့ ပြည်ထဲရေး ဝန်ကြီးက ပြောဆိုခဲ့ အပြီးမှာ ကုလသမဂ္ဂ အပါအဝင် အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ မောင်တော ဒေသက ထွက်သွားဖို့ အမျိုးသားရေး လှုပ်ရှားသူတွေက အခုလို တောင်းဆို လာတာဖြစ်ပါတယ်။

ရခိုင်အရေးနဲ့ ပတ်သက်လို့ အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းပုံကိုလည်း ဆန္ဒပြသူတွေက အပြင်းအထန် ဝေဖန်ကြပါတယ်။

တရားဝင်ခွင့်ပြုချက်နဲ့ ပြုလုပ်တဲ့ ဆန္ဒပြပွဲဟာ တစ်နာရီခွဲလောက် ကြာခဲ့ပြီး တရားဟောခွင့် ပိတ်ပင်ခံ ထားရတဲ့ ဦးဝီရသူက အဲဒီ ဆန္ဒပြပွဲမှာ ပါဝင် ဟောပြောခဲ့တာဖြစ်ပါတယ်။