မောင်တော မီးလောင်သတ်ဖြတ်မှုတွေ ဆက်ပေါ်

  • 30 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် STR
Image caption မီးလောင်မှုတွေ ဆက်ဖြစ်ပွား

ဆူပူမှုတွေ ပေါ်ပေါက်နေတဲ့ မောင်တောမြို့နယ် အတွင်း မီးလောင်မှုတွေ၊ လူသတ်မှုတွေ၊ ဗုံးနဲ့ တိုက်ခိုက်မှုတွေ ဆက်ဖြစ်ပွားနေပြီး လူတွေက တောထဲမှာ ပိတ်မိနေတာတွေရှိသလို ရွှေ့ပြောင်းနေရတာတွေ ဆက်လက်ရှိနေတုန်း ဖြစ်ပါတယ်။

မောင်တောမြို့နယ် မြောက်ပိုင်းမှာ မွတ်စလင်ရွာ တော်တော်များများ မီးလောင်တယ်လို့ သိရပါတယ်။

ရခိုင်ရွာ တချို့မှာ တည်ငြိမ်နေပေမယ့် မောင်တောမြို့ ပေါ်က သုံးမိုင်မှာတော့ နံနက် ၁၁ နာရီကျော်က ရခိုင်လူမျိုး ၅ ဦးကို အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်တာကို ခံခဲ့ရပါတယ်။

သေဆုံးသူတွေက ကင်းချောင်းက ၂ ဦး၊ ရွှေရင်အေးက ၂ ဦးနဲ့ ကန်သာယာရွာက တဦး ဖြစ်ပါတယ်။

ဘူးသီးတောင်မြို့နယ်မှာလည်း တိုက်ပွဲ ဖြစ်ပွားတာတွေ၊ မီးရှို့မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

အခုလို အခြေအနေတွေကြောင့် ညနေပိုင်းမှာ တောင်ဘဇား တပ်စခန်းမှာ ပိတ်မိနေတဲ့ ဝန်ထမ်းတွေကို အစောင့်အရှောက်တွေနဲ့ ဘူးသီးတောင်မြို့ပေါ်ကို ရွှေ့ပြောင်းပေးခဲ့တယ်လို့ ဒေသခံ ဦးဇော်ဝင်းက ပြောပြပါတယ်။

အခုလို အခြေအနေ ဆိုးရွားနေတဲ့ အတွက်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ဩဂုတ်လ ၂၅ ရက်က ခုထိ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အပါအဝင် သေဆုံးသူ အရေအတွက် ၉၀ ကျော်သွားခဲ့ပြီး မီးလောင်ခဲ့တဲ့ အိမ်ပေါင်းဟာလည်း နှစ်ထောင် ကျော်သွားခဲ့ပြီလို့ သိရပါတယ်။

မီးရှို့တာက နေရာအနှံ့အပြားမှာ ဖြစ်နေတဲ့ အတွက် လက်ရှိ ဒီဒေသရဲ့ အနေထားဟာ ထိန်းချုပ်ရခက်ခဲတဲ့ အခြေ အနေအောက်မှာ ဆက်လက် ရောက်ရှိနေတုန်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ဝင်ရောက်လာ

မြန်မာနိုင်ငံ ကနေ တပတ် အတွင်း ရိုဟင်ဂျာ မွတ်ဆလင် တသောင်း ရှစ်ထောင် ကျော် နယ်စပ်ဖြတ်ကျော် ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဝင်ရောက်လာတယ်လို့ IOM အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း သူများ အဖွဲ့က ဘီဘီစီကိုပြောပါတယ်။

လူ တဒါဇင်လောက်မှာ လောလော လတ်လတ် သေနတ် ဒဏ်ရာတွေရထားတယ်လို့ အရေးပေါ်နေရာထိုင်ခင်းနဲ့ စားစရာတွေ ကူညီထောက်ပံ့ပေးနေတဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောပါတယ်။

နှစ်နိုင်ငံ နယ်စပ်က တချို့နေရာမှာ လူတွေ ထောင်နဲ့ချီ ပိတ်မိ နေသေးတယ်လို့ ခန့်မှန်းနေကြပါတယ်။

အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရ စန်းလွင် ကတော့ ထွက်ပြေးလာသူ အရေအတွက်က IOM က ပြောသလောက် မရှိကြောင်းနဲ့ ငါးထောင်လောက် ရှိတယ်လို့ တော့ သတင်း ရကြောင်း ပြောပါတယ်။ အဲဒီ အရေ အတွက်ကလည်း ဖောင်းပွ နေတယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ရခိုင်ပြည်နယ် မြောက်ပိုင်းက ရဲစခန်း ၃ဝ ကို ARSA (Arakan Rohingya Salvation Army) အဖွဲ့က အကြမ်းဖက် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် အကြမ်းဖက် တိုက်ခိုက်မှု တွေကို ကြောက်ရွံ့ ထိတ်လန့်ပြီး ရခိုင် အများအပြား လည်း တောထဲမှာ ပုန်းအောင်း နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ