ရခိုင်အရေး လုံခြုံရေးကောင်စီ တံခါးပိတ် ဆွေးနွေး

  • 30 ဩဂုတ် 2017
Image caption ကုလသမဂ္ဂ ဆိုင်ရာ ယူကေ သံအမတ် Mathew Rycroft

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ သြဂုတ်လ ၃၀ရက်မှာ တံခါးပိတ် ဆွေးနွေးခဲ့ပါတယ်။

လက်တလော ဖြစ်ပွားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ အပေါ် အကြီးအကျယ် စိုးရိမ်နေကြပြီး ဒီ အကြမ်းဖက်မှုတွေကို ပြစ်တင် ရှုတ်ချ ခဲ့ကြတယ်လို့ ဒီကိစ္စကို လုံခြုံရေး ကောင်စီမှာ ဆွေးနွေးဖို့ အဆိုတင်သွင်းခဲ့သူ ကုလသမဂ္ဂ ဆိုင်ရာ ယူကေ သံအမတ် Mathew Rycroft က သတင်းထောက်တွေကို ပြောပါတယ်။

ဒီအရေးမှာ ပါဝင် ပတ်သက်သူတွေ အနေနဲ့ ပဋိပက္ခ လျော့ကျသွားအောင် ဖြေရှင်း ဆောင်ရွက်ကြဖို့ ကိုလည်း တိုက်တွန်း လိုက်တယ်လို့ သူက ပြောပါတယ်။

အဲဒီ အစည်းအဝေးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဉီးဆောင်တဲ့ ကော်မရှင်ရဲ့ အဆုံးသတ် အစီရင်ခံစာပါ အကြံပြုချက်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

ဒီအစည်းအဝေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက တရားဝင် ကြေညာချက်တော့ ထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။

အလားတူး ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေကို အကြမ်းဖက် တိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက်လို့ မလေးရှား အစိုးရ ကလည်း ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

ဒီအကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့သူတွေ အသက်ဆုံးရှံးခဲ့ရပြီး အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရတဲ့ အပေါ် အကြီးအကျယ် စိုးရိမ် မကင်း ဖြစ်မိကြောင်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခြေအနေတွေ ထပ်ဆိုးရွား မလာအောင် ဒီ ပဋိပက္ခမှာ ပါဝင် ပတ်သက်သူတွေ အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့နဲ့ မြန်မာအစိုးရ အနေနဲ့လည်း အာဆီယံ ပဋိဉာဉ် ၊ အာဆီယံ လူ့အခွင့်အရေး ဆိုင်ရာ ကြေညာချက် စာတမ်းမှာ ဖော်ပြထားတဲ့ နိုင်ငံတကာ စည်းမျဉ်းတွေ အတိုင်း လိုက်နာပြီး တရားနည်းလမ်းအတိုင်း မျှမျှ တတ ဆောင်ရွက်သွားဖို့ ကိုလည်း တိုက်တွန်း ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ