နေရပ်ပြန် ကရင်ဒုက္ခသည်တွေ အခက်အခဲတွေရှိနေဆဲ

  • 1 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption လက်ရှိ ထိုင်း-မြန်မာ နယ်စပ်မှာ ဒုက္ခသည်စခန်း ၉ ခု ရှိနေ

ထိုင်းနိုင်ငံနယ်စပ်ကို စစ်ဘေးရှောင်ရင်း ရောက်ခဲ့ကြတဲ့ ဒုက္ခသည်တွေ မြန်မာနိုင်ငံထဲ ပြန်လည်အခြေချနေထိုင်ဖို့ ရောက်လာကြရာမှာ အခက်အခဲတွေ တွေ့ကြုံနေရတယ်လို့ လူမှုကူညီရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

ငြိမ်းချမ်းမှု မရှိခဲ့တဲ့ တချိန်က ထိုင်းနယ်စပ်ဘက်နဲ့ ကရင်ပြည်နယ်အတွင်း စစ်ရှောင်ထွက်ပြေးခဲ့ကြရတဲ့ ဒုက္ခသည်တွေနဲ့ ရွာပုန်းရွာရှောင်တွေကို မြဝတီခရိုင် လေးကေကော်ဒေသနဲ့ ထီးဝါးပလောဒေသမှာ အစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့က ၂၀၁၄ ခုနှစ်မှာ စံပြကျေးရွာတွေ တည်ဆောက်ပေးခဲ့တာပါ။

ဒါပေမယ့် သူတို့တွေနေထိုင်ဖို့အတွက် နေအိမ်တွေဆောက်ပေးထားပေမယ့် ရေရှည်စားသောက် ရပ်တည်ဖို့ကတော့ အခက်အခဲတွေ ရှိနေတယ် ဆိုပါတယ်။

စံပြကျေးရွာတွေမှာ နေအိမ် ၁,ဝ၀ဝ လောက် တည်ဆောက်ဖို့ရှိပြီး အခုအချိန်မှာ နေအိမ် ၅၀ဝ နီးပါး တည်ဆောက်လို့ ပြီးနေပါပြီ။

ပြန်လည်လာရောက်နေထိုင်ကြတဲ့ ဒုက္ခသည်အများစုက လက်ရှိအချိန်မှာ အနီး ပတ်ဝန်းကျင်က လယ်တွေမှာ နေ့စား အဖြစ် သွားရောက်လုပ်ကိုင်နေရတယ်လို့ အဲဒီစံပြကျေးရွာတွေမှာ သွားရောက်လေ့လာခဲ့သူ ကရင်ဒုက္ခသည်များကော်မတီဥက္ကဌ ဦးစောရောဘတ်ထွေးက ဘီဘီစီကို ပြောပါတယ်။

ဂျပန်နိုင်ငံအခြေစိုက် နီပွန်ဖောင်ဒေးရှင်းက ကရင်ပြည်နယ်အစိုးရ၊ ကရင်အမျိုးသားအစည်းအရုံးတို့နဲ့ ပူးပေါင်းပြီး ပြန်လာကြတဲ့ ဒုက္ခသည်တွေ ရေရှည်လုပ်ကိုင်နိုင်ဖို့ အဲဒီဒေသမှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးစီမံကိန်းတွေ ဆောင်ရွက်သွားဖို့လည်း ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပြန်လာသူတွေ အတွက် အခြေခံ အဆောက်အအုံတွေ တည်ဆောက်ပေးရေး၊ ကျေးလက်ဖွံ့ဖြိုးရေးနဲ့ ရေအခက်အခဲ ရှိတဲ့ ဒေသတွေမှာ ရေအရင်းအမြစ်တွေ ဖန်တီးပေးနိုင်ရေး ဂျပန်ဘက်နဲ့ ဆွေးနွေးထားပြီး ပြည်နယ်အစိုးရ ခွင့်ပြုချက်နဲ့အတူ ဂျပန်သံရုံးကို တင်ပြ၊ ထောက်ပံ့ငွေရယူကာ စီမံကိန်းတွေ စတင် အကောင်အထည် ဖော်နိုင်မယ်လို့ ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှုး ဦးဝင်းလှိုင်ဦးက ပြောပါတယ်။

ကရင်ပြည်နယ်မှာ ဒီစီမံကိန်းကို နီပွန်ဖောင်ဒေးရှင်းအနေနဲ့ ကူညီပေးတာက ပြည်နယ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်း တည်ဆောက်ရာမှာ ရေရှည်တည်တံ့စေဖို့ ပံပိုးပေးတာဖြစ်တယ်လို့ သူတို့ရဲ့ စီမံကိန်းအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံးနဲ့ မြန်မာအစိုးရတို့ နှစ်ဖက် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးတဲ့နောက်ပိုင်းမှာ အခုလို စံပြစီမံကိန်းတွေ ရှိလာတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်အများစုကတော့ မူလဒေသတွေမှာ လုံခြုံမှုမရှိသေးဘူးလို့ဆိုပြီး နေရပ်ပြန်ဖို့ တွန့်ဆုတ်နေကြဆဲ ဖြစ်ပါတယ်။

ဘီဘီစီ တဝန်း