ဘူးသီးတောင်ဘက်ကနေ စစ်တွေကို လူထောင်ချီ ဆက်ပြေးလာနေ

  • 2 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ဘူးသီးတောင်ကနေ ထွက်ခွာနေသူတွေကို စက်တင်ဘာ ၁ ရက်နေ့က မြင်တွေ့ရစဉ်

ရခိုင်ပြည်နယ်မြောက်ပိုင်း မေယုမြစ်ထဲမှာ မောင်တောနဲ့ ဘူးသီးထောင်ဘက်ကနေ စစ်တွေကို ထွက်ခွာသွားနေတဲ့ လူတွေ ဒီနေ့ ထောင်နဲ့ချီ တွေ့ရတယ်လို့ အဲဒီဒေသတွင်းကို ရောက်နေတဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

အကြမ်းဖက်မှုအန္တရာယ်ကို စိုးရိမ်တဲ့အတွက် ဘူးသီးထောင်ဘက်က ဒေသခံတွေဟာ လှေတွေ၊ သင်္ဘောတွေနဲ့ ထွက်ခွာသွားနေကြပြီး အဲဒီထဲမှာ အမျိုးသမီးနဲ့ ကလေးတွေလည်း အများအပြား ပါဝင်ပါတယ်။

ထွက်ပြေးလာသူတွေထဲမှာ ရခိုင်၊ မြို၊ ဒိုင်နက်၊ ခမီ၊ ဟိန္ဒူတွေ ပါဝင်ပါတယ်။ အကြမ်းဖက်မှုနဲ့ မဆက်စပ်တဲ့ အေးအေးချမ်းချမ်းနေလိုတဲ့ မွတ်စလင် မိသားစုတွေကိုလည်း အာဏာပိုင်တွေက အကူအညီတွေ ပေးနေတယ်လို့ အာဏာပိုင်တွေဘက်က ထုတ်ပြန်ထားပါတယ်။

မောင်တောဘက်ကနေ နယ်စပ်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတာတွေလည်း ရှိနေပါတယ်။

လောလောဆယ် ဘူးသီးတောင်မြို့ဟာ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်သွားကြတဲ့အတွက် မြို့ပျက်ကြီးလို ဖြစ်နေတယ်လို့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

အမှတ် ၁ နယ်ခြားစောင့်ရဲ ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်ကလည်း လုံခြုံရေးစိုးရိမ်မှုကြောင့် ထွက်ပြေး နေကြတဲ့ ဒေသခံတွေ အများအပြားရှိနေသေးကြောင်းနဲ့ သူတို့ကို လိုအပ်တဲ့အကူအညီတွေ ပေးနေကြောင်း ဘီဘီစီကို ပြောပါတယ်။

တိုက်ခိုက်မီးရှို့မှုတွေတော့ ဒီနေ့ စနေနေ့မှာ မတွေ့ရကြောင်း၊ မွတ်ဆလင်တွေရဲ့ ဘာသာရေးနေ့ ဖြစ်တာကြောင့် လုံခြုံရေးဘက်ကလည်း ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်နေကြောင်း သူရစန်းလွင်က ပြောပါတယ်။