အနိမ့်ဆုံးလုပ်ခ သတ်မှတ်ရေး ဆွေးနွေး

  • 3 စက်တင်ဘာ 2017
Image caption အထည်ချုပ်စက်ရုံတွေမှာ အလုပ်ရှင်နဲ့ အလုပ်သမားကြား လစာညှိနှိုင်းမရမှုတွေ ဖြစ်လေ့ရှိ

အနိမ့်ဆုံး လုပ်ခလစာ အမြန်ဆုံးသတ်မှတ်ဖို့ အပါအဝင် အလုပ်သမား အခွင့်အရေးတွေနဲ့ ပတ်သက်လို့ အလုပ်သမားကွန်ရက်အဖွဲ့ (၃)ခုနဲ့ အစိုးရ အလုပ်သမားရေးရာဌာန နဲ့ စက်တင်ဘာလ ၃ ရက်နေ့တုန်းက တွေ့ဆုံခဲ့ကြပါတယ်။

အစိုးရ နဲ့ အလုပ်သမားကွန်ရက်တွေ တွေ့ဆုံပွဲ မှာတော့ အလုပ်သမား အခွင့်အရေး ရပိုင်ခွင့်တွေ အပြင် အနိမ့်ဆုံးလုပ်ခလစာ ပြင်ဆင်သတ်မှတ်ပေးဖို့ ကြန့်ကြာနေတာနဲ့ ပတ်သက်လို့ အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

တစ်နေ့ အလုပ်ချိန် (၈)နာရီမှာ အနည်းဆုံး လုပ်အားခ (၃၆၀၀) ကျပ် ပေးဖို့ အစိုးရက သတ်မှတ်ပေးခဲ့တာ (၂)နှစ်ပြည့်သွားပြီ ဖြစ်တဲ့အတွက် ဒီလုပ်ခ နှုန်းထားတွေကို အမြန်ဆုံးပြင်ဆင်သတ်မှတ်ပေးဖို့ အလုပ်သမား တွေက တောင်းဆိုနေတာ ဖြစ်တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ မြန်မာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက်က ဦးဌေးက ပြောပါတယ်။

အစည်းအဝေးတက်ရောက်ခဲ့တဲ့ အလုပ်သမား အဖွဲ့တွေကတော့ တစ် ရက်လုပ်ခ အနိမ့်ဆုံးအခကြေးငွေ ကို (၅၆၀၀) ကျပ် အထိ အမြန်ဆုံး တိုးမြှင့်သတ်မှတ်ပေးဖို အဓိကတောင်းဆိုခဲ့ကြတယ်လို့ ပြောပါတယ်။

အစိုးရ ဘက်ကတော့ အနိမ့်ဆုံးလုပ်ခလစာနဲ့ ပတ်သက်လို့ လောလော ဆယ်မှာ ပြည်နယ် နဲ့ တိုင်းအလိုက် ဆွေးနွေးမှုတွေနဲ့ စစ်တမ်း ကောက်ယူ မှုတွေ လုပ်နေပြီး အဆိုပြုနှုန်းထားတွေကို ပြည်ထောင်စုအစိုးရကို အခု နှစ်ကုန်ပိုင်း မှာ တင်ပြနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

အနိမ့်ဆုံး လုပ်ခနှုန်းထားကိုတော့ လာမယ့် ဘဏ္ဍာနှစ်ကျမှ ပြင်ဆင်သတ်မှတ်နိုင်ဖွယ်ရှိတယ်လို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အလုပ်သမားရေးရားဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။

လုပ်ခလစာနဲ့ ပတ်သက်လို့ အစိုးရ ဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက်၊ တို့မျိုးဆက် ကွန်ယက်၊ နဲ့ အနာဂတ်အလင်းတန်းများအဖွဲ့ တွေ တွေ့ဆုံ ခဲ့တာပါ။

ဆွေးနွေးပွဲမှာတော့ အလုပ်သမားတွေအတွက် လူမှုဖူလုံရေးအိမ်ယာစီမံကိန်း အကောင်အထည်ဖော်ပေးဖို့၊ ခုံသမာဓိ ကောင်စီ ဆုံးဖြတ်ချက်မလိုက်နာရင် ထောင်ဒဏ်ချမှတ်ပေးနိုင်တဲ့ ဥပဒေပြင်ဆင်ဖို့နဲ့ အလုပ်သမား အဖွဲ့အစည်း မှတ်ပုံတင်ရာမှာ အလုပ်ရှင်လက်မှတ် တောင်းဆိုချက်ကို ပယ်ဖျက် ပေးဖို့ စတဲ့အချက်တွေကိုလည်း အလုပ်သမားတွေဘက်က တောင်းဆိုခဲ့ကြပါတယ်။