မောင်တောတောင်ပိုင်းမှာ တိုက်ပွဲ ပြင်းထန်ပြီး ဘူးသီးတောင်မှာ လုံခြုံရေး အားနည်း

  • 5 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption မောင်တောမြို့နယ် တောင်ပိုင်းက ရွာအတော်များများ မီးလောင်နေ

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်က နယ်မြေ စစ်ဆင်ရေးတွေ ဆောင်ရွက်နေရာမှာ တနင်္လာနေ့ ညနေက မောင်တောမြို့နယ် တောင်ပိုင်း ဒုချရားတန်း မူဆလင် ကျေးရွာမှာ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲက ၃နာရီကျော် ကြာခဲ့ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ အနီးအနားမှာ ရှိတဲ့ ကင်းချောင်း ကျေးရွာသား တဦးက ဘီဘီစီကို ပြောပါတယ်။

ဘူးသီးတောင်ဒေသဘက်မှာတော့ တပ်မတော်နဲ့ ရဲဘက်က နယ်မြေ ရှင်းလင်း စစ်ဆင်တာတွေ မရှိသေးပဲ လုံခြုံရေး အခြေအနေ တနေ့တခြား ဆိုးလာနေတယ်လို့ သိရပါတယ်။

ဘူးသီးတောင် ဒေသအတွက် လုံခြုံရေး စစ်ကူ တောင်းထားပေမယ့် ခုချိန်ထိ မရသေးကြောင်းနဲ့တဘက်က လာရောက် တိုက်ခိုက်တာမျိုးပဲ ရှိနေပြီး လုံခြုံရေး အားနည်းတယ်လို့ ခံစားရကြောင်း ရခိုင်အမျိုးသားပါတီရဲ့ ဘူးသီးတောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ဘီဘီစီကို ပြောပါတယ်။

ဘူးသီးတောင်ဘက်မှာ တိုင်းရင်းသားတွေ နေအိမ် စွန့်ခွာ ထွက်ပြေးနေကြပြီး လုံခြုံရေးကြောင့် ထွက်မပြေးနိုင်သူတွေလည်း အများကြီး ရှိကြောင်း၊ တောင်ဘဇာဘက်ကနေ ၅၅၂တပ်ရင်းမှာ ဒေသခံ ပြည်သူ ၅၀၀ကျော် ပိတ်မိနေရာမှာ တနင်္လာနေ့က လူ ၈၀လောက်ကို ရဲ ၇ယောက်လောက်နဲ့ ကယ်ထုတ်လာခဲ့ကြောင်း သူက ပြောပါတယ်။

နိုင်ငံခြား သတင်းမီဒီယာတွေ ပြောသလို မွတ်ဆလင်ရွာသားတွေ တဖက်နိုင်ငံကို ထွက်ပြေးတာမျိုး မတွေ့ရပဲ သူတို့ရွာတွေမှာပဲ နေနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ကယ်ဆယ်ရေး အကူအညီနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် အစိုးရရုံးက တပတ်စာ ရိက္ခာ ပို့ပေးမယ်လို့ ပြောထားပေမယ့် လုံခြုံရေး အခြေအနေအရ အခုထိ ရောက်မလာသေးဘူးလို့ ရခိုင်အမျိုးသားပါတီရဲ့ ဘူးသီးတောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။