ဧရာဝတီတိုင်း အမတ် ၂ ဦးကို ကုမ္ပဏီ တရားစွဲ

  • 5 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် Daw Ni Ni Moe
Image caption ကုမ္ပဏီက တရားစွဲထားတဲ့ လွှတ်တော်အမတ် ဒေါ်နီနီမိုးနဲ့ ဦးကျော်ဆန်း

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ ဦး နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေအပါအဝင် လူ ၇ ဦးကို ပင်လုံရတနာတိုးတက်ရေး ကုမ္ပဏီကနေ နစ်နာကြေး ငွေကျပ် သိန်း ၂ သောင်း ရလိုမှုနဲ့ တိုင်းဒေသကြီးတရားလွှတ်တော်ရုံးမှာ တရားစွဲဆိုလိုက်ပါတယ်။

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ထဲက သဇင်ရေကျော် ကျေးရွာအုပ်စုမှာ ပင်လုံရတနာ တိုးတက်ရေးကုမ္ပဏီကနေ လုပ်ပိုင်ခွင့်ရထားတဲ့ မြေဧက ၁,၁၅၀ ကျော်နဲ့ ပတ်သက်လို့ ဒေသခံ ရေလုပ်သားတွေနဲ့ ကုမ္ပဏီအကြား ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတည်းက မကျေလည်မှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ရေလုပ်သားတွေလုပ်ကိုင်စားသောက်နေတဲ့ အင်းချောင်းတွေမှာ ကုမ္ပဏီက ငါးကန်နေရာအဖြစ် သိမ်းခဲ့တယ်ဆိုပြီး တိုင်ကြားချက်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေပါတဲ့ သိမ်းဆည်းခံမြေယာများစိစစ်ရေးကော်မတီကနေ ကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီကော်မတီဟာ ကုမ္ပဏီပိုင် မြေနေရာပေါ်မှာ ဓာတ်ပုံရိုက်တာ၊ ဝင်ရောက်မြေတိုင်းတာတွေကို ခွင့်ပြုမိန့်ထက် ကျော်လွန်လုပ်ဆောင်တာဟာ ကုမ္ပဏီဂုဏ်သိက္ခာကို ထိခိုက်စေတာကြောင့် နစ်နာကြေး ငွေကျပ် သိန်းပေါင်း (၂)သောင်းပေးဖို့ ကုမ္ပဏီဘက်ကနေ တိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှာ တရားစွဲဆို တိုင်ကြားထားတာ ဖြစ်ပါတယ်။

တိုင်ကြားခံရတဲ့အထဲပါတဲ့ ညောင်တုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးကတော့ သူတို့ဖက်က ဥပဒေအတိုင်း ဆောင်ရွက်ခဲ့တာပါလို့ ပြောပါတယ်။

တရားစွဲဆိုမှုနဲ့ ပတ်သက်လို့ ပင်လုံရတနာ ကုမ္ပဏီကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခဲ့တာ မရှိပါဘူး။

လာမယ့် စက်တင်ဘာ (၈) ရက်နေ့မှာတော့ ဒီအမှုကို ပုသိမ်မှာရှိတဲ့ ဧရာဝတီတိုင်းတရားလွှတ်တော်ရုံးမှာ စတင်ကြားနာတော့မှာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်ကတော့ ကုမ္ပဏီဘက်က တရားစွဲတာဟာ ဒုတိယသမ္မတကိုယ်တိုင် ဦးဆောင်ပြီးဖွဲ့ထားတဲ့ သိမ်းဆည်းခံမြေယာများစိစစ်ရေးကော်မတီရဲ့ မြို့နယ်အဆင့်အဖွဲ့ဝင်တွေကို တရားစွဲတာ ဖြစ်ပြီး သူ့ဆီကို တော့တရားဝင် အကြောင်းကြားစာ မရောက်သေးဘူးလို့ ပြောပါတယ်။

အမှုနဲ့ ပတ်သက်လို့ လောလောဆယ်မှာ တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ ဆွေးနွေးထားပြီး တိုင်းဥပဒေချုပ်ကိုလည်း ကို ထပ်မံဆွေးနွေးဖို့ ရှိတယ်လို့ ပြောပါတယ်။

တရားစွဲဆိုတဲ့ ပင်လုံရတနာကုမ္ပဏီဟာ လွန်ခဲ့တဲ့ ၂၀ဝ၃ ခုနှစ်ကတည်းက ဧရာဝတီတိုင်းထဲမှာ ငါးမွေးမြူရေးကန်တွေ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

အခု ကုမ္ပဏီကနေ တရားလိုလုပ်ပြီး တရားစွဲဆိုခံရသူတွေထဲမှာ ညောင်တုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၂)ဦး၊ မြို့နယ် မြေစာရင်း ဦးစီးမှူး၊ မြို့နယ် ငါးလုပ်ငန်းဦးစီးမှူး၊ ကျေးရွာအုပ်ချုပ်ရေး အပြင် မြို့နယ် တောင်သူလယ်သမား ဥက္ကဋ္ဌနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးဟောင်းတွေလည်း ပါဝင်ပါတယ်။