စစ်ဆင်ရေး ကြမ်းတယ်ဆိုတဲ့ စွဲချက် မြန်မာပယ်ချ

  • 6 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးဝင်လာ

မြန်မာ့ တပ်မတော်က အကြမ်းဖက်သူတွေနဲ့ သာမန်အရပ်သား မွတ်ဆလင် တွေကို မခွဲခြားဘဲ အလွန်အကျွံ ကြမ်းကြမ်း တမ်းတမ်း စစ်ဆင်ရေး လုပ်ဆောင် နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို မြန်မာ အစိုးရက ပယ်ချလိုက်ပါတယ်။

ရခိုင်အရေး သတင်းအမှား တွေက တကယ့်ဖြစ်ရပ်တွေနဲ့ လွဲနေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံ အတွင်း ဖြစ်ခဲ့တာ မဟုတ်တဲ့ တခြားနိုင်ငံတွေက သတင်းဓာတ်ပုံ အမှား တွေကို အကြီးအကျယ် ဖြန့်ဝေမှုတွေ ရှိခဲ့တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

ဒါဟာ ရခိုင်အရေး ပြဿနာကြီးရဲ့ မြင်သာတဲ့ အစိတ်အပိုင်း တခုသာ ဖြစ်ပြီး အဲဒါတွေက မတူညီတဲ့ အသိုင်းအဝိုင်းတွေကြားမှာ ပြဿနာတွေ အများအပြား ဖြစ်ပွားစေဖို့နဲ့ အကြမ်းဖက် သမားတွေ အကျိုးဖြစ်ထွန်း စေဖို့ ရည်ရွယ်ချက်နဲ့ ဖန်တီး လုပ်ဆောင်တယ်ဆိုတာ မှန်းဆကြည့်နိုင်တယ်လို့ တူရကီ သမ္မတ Recep Tayyip Erdogan က တယ်လီဖုန်းနဲ့ ဆက်သွယ် လာခဲ့စဉ်မှာ ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့တာလို့ အတိုင်ပင်ခံရုံး ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ် နီးပါးက မောင်တောဒေသမှာ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ရဲဝန်ထမ်းတွေ လူတွေ သေဆုံးမှု ဖြစ်ခဲ့အပြီး တပ်မတော်ရဲ့ နယ်မြေ ရှင်းလင်းမှုတွေ ပြုလုပ်စဉ်မှာ ဘင်္ဂလားဒေ့နိုင်ငံဘက်ကို မွတ်ဆလင် တသိန်း လေးသောင်းကျော် ထွက်ပြေး ခဲ့ကြတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

တပ်မတော်က အစုလိုက် အပြုံလိုက် သတ်နေတဲ့ စစ်ဆင်ရေးတွေကြောင့် ထွက်ပြေးလာတာလို့ ကိုယ်တိုင် ထွက်ပြေးလာသူတွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် HEIN HTET
Image caption အမျိုးသားလုံခြုံရေး အကြံပေး ဦးသောင်းထွန်း

မြန်မာနိုင်ငံ အမျိုးသားလုံခြုံရေး အကြံပေး ဦးသောင်းထွန်း ကတော့ ရခိုင်အရေးနဲ့ပတ်သက်လို့ သတင်း မီဒီယာတွေမှာ မဟုတ်မမှန် ဖော်ပြနေတယ်လို့ ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပြီး BBC နဲ့ အယ်လ်ဂျာဇီးယားနဲ့ The Guardian သတင်းဌာန တို့ကို သူက နာမည်တပ်ပြီး ပြောဆိုခဲ့ ပါတယ်။

ဗုဒ္ဓဟူး နေ့ မနက်က မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို တင်လာတဲ့ လှေ အတော် များများ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ် က နတ်မြစ်ဝမှာ နစ်မြုပ်ခဲ့တဲ့ အတွက် ကလေး ငါးယောက် ထက်မနည်း ရေနစ် သေဆုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ပြောပါတယ်။

နောက်ထပ် သေဆုံးသူတွေ ရှိနိုင်သေးတယ်လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ