လွဲမှားတဲ့ သတင်း မြန်မာအစိုးရ လက်မခံ

  • 6 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption စစ်တွေနဲ့ မောင်တော မြို့ပေါ် ထွက်ပြေး တိမ်းရှောင် နေရတဲ့ ရခိုင်၊ ဟိန္ဒူတွေ ထောင်နဲ့ချီ ရှိနေ

နိုင်ငံ တကာက ပုဂ္ဂိုလ်၊ အဖွဲ့ အစည်းနဲ့ မီဒီယာ တချို့က လွဲမှားတဲ့ သတင်းတွေ ထုတ်လွင့် ဖော်ပြ ရေးသား နေတာနဲ့ ပတ်သက် ပြီး လက်မခံ နိုင်ဘူးလို့ မြန်မာ အစိုးရ လုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း က နေပြည်တော်မှာ ပြုလုပ်တဲ့ ရခိုင် အရေးနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲ တခုမှာ ပြောဆိုလိုက် ပါတယ်။

တူရကီ ဒုဝန်ကြီးချုပ် အပါ အဝင် နိုင်ငံ တကာ မီဒီယာနဲ့ လူမှု ကွန်ယက်တွေ တချို့ဟာ ရခိုင် ပြည်နယ် ပဋိ ပက္ခနဲ့ ပတ်သက်ပြီး လွဲမှားတဲ့ သတင်း အချက် အလက်နဲ့ ဓာတ်ပုံတွေကို ဖေါ်ပြ နေတယ်လို့ အခိုင် အမာ ထောက်ပြထား ပါတယ်။

သတင်းဌာန အတော်တော် များများ ဖြစ်တဲ့ ဘီဘီစီ၊ အယ်ဂျာဇီးရားနဲ့ The Guardian သတင်းစာ ကြီးတွေက လူထုတြေ အမြင်မှားစေမယ့် ဘက် ကို ဦးတည် သွားနိုင်တဲ့ ဓါတ်ပုံတွေကို ဖော်ပြ တယ်လို့ ဦးသောင်းထွန်းက ပြောပါတယ်။

တကယ်တော့ ဒီဓာတ်ပုံ အတော်တော် များများဟာ ကမ္ဘာပေါ်က တခြား နိုင်ငံမှာ ဖြစ်ပျက် နေတဲ့ ပဋိပက္ခနဲ့ ဆိုင်တဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။ တချို့ ဓာတ်ပုံဆိုရင် လတ်တလော ဖြစ်နေတဲ့ ပုံတွေ မဟုတ်ပါဘူး။ နှစ်ပေါင်း တော်တော်ကြာတဲ့ အင်တာနက်ထဲက ဓါတ်ပုံတွေပါ။

ပြီးခဲ့တဲ့ရက်တွေအတွင်းက တူရကီ သမ္မတကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ထောက်ပြ သလိုပဲ ဒီအတု အယောင် သတင်း အချက် အလက် တွေ ဟာ လက်မခံနိုင် ဘူးလို့ ဦးသောင်းထွန်းက ပြောပါတယ်။

ရခိုင်ပြည်က စစ်ဆင်ရေး ဆောက်ရွက် နေတဲ့ မြန်မာ အစိုးရ ဘက်က လုံခြုံရေး တပ်ဖွဲ့တွေ အပေါ် စွပ်စွဲ ထားတဲ့ လူ့အခွင့် အရေး ချိုးဖောက် မှုနဲ့ ပတ်သက်ပြီး အဖြစ်မှန် ပေါ်ပေါက်ဖို့ အစိုးရက ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox's Bazar ကိုလည်း အဖွဲတဖွဲ့ စေလွှတ်တယ်လို့ ပြောပါတယ်။

အဲဒီအဖွဲ့ဆီမှာ စွပ်စွဲချက် တွေကို တင်ပြနိုင်ပြီး တကယ်လို့ အပြစ် ရှိခဲ့ရင် သက်ဆိုင်သူကို အရေးယူ ဆောင်ရွက်ပေး မယ်လို့ လည်း ပြောပါတယ်။

ဒါ့အပြင် ဦးသောင်းထွန်းက ရခိုင်ပြည်နယ် အကြံပေးကော်မရှင် မစ္စတာ ကိုဖီအာနန် အကြံပြုချက်တချို့ကိုလည်း လက်ရှိ အောက်ခြေမှာ စတင် အကောင် အထည်ဖေါ် ဆောင်ရွက်နေပြီလို့ ပြောပါတယ်။

၁၉၈၂ ဥပဒေအရ ရခိုင်ပြည်နယ် မြောက်ပိုင်းက မွတ်ဆလင်တွေ နိုင်ငံသား ဖြစ်ခွင့်နဲ့ ပတ်သက်ပြီး အကြံပေးချက် ကိုတော့ လက်ရှိ တည်ဆဲ ဥပဒေနဲ့ အညီ ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဦးသောင်းထွန်းက ပြောပါတယ်။

မောင်တော ဒေသက ပဋိပက္ခကြောင့် စစ်တွေနဲ့ မောင်တော မြို့ပေါ် ထွက်ပြေး တိမ်းရှောင် နေရတဲ့ ရခိုင်၊ ဟိန္ဒူတွေ ထောင်နဲ့ချီ ရှိနေပါတယ်။ ယူအန်ရဲ့ အစီရင်ခံစာ အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံ မှာတော့ မွတ်ဆလင် ဒုက္ခသည် တစ်သိန်းကျော် ရှိနေပြီလို့ သိရပါတယ်။