ရခိုင် အခြေအနေ ထိန်းချုပ်နိုင်ပြီလို့ အစိုးရဆို

  • 9 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption နယ်မြေတည်ငြိမ်ရေး ဆောင်ရွက်နိုင်ပြီလို့ အစိုးရ တာဝန်ရှိသူပြော

ရခိုင် ပြည်နယ် မြောက်ပိုင်း ဖြစ်ပွား နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှု တွေကို ထိန်းချုပ် နိုင်ပြီလို့ ပြည်နယ် အစိုးရ တာဝန်ရှိသူ က ဘီဘီစီ ကို ပြောပါတယ်။

နယ်မြေ တည်ငြိမ် အေးချမ်းရေး နဲ့ တရားဥပဒေ စိုးမိုးရေး ကိုလည်း ဆောင် ရွက် နိုင်ပြီလို့ ပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ က ဆိုပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက နေရာ အတော်များများ ကို လုံခြုံရေး အရ လွှမ်းခြုံ ထားနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံ ရခိုင် တိုင်းရင်းသား တွေ အနေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေဆဲ ဖြစ်ပြီး၊ အစိုးရ အနေနဲ့ လုံခြုံရေး မပြတ် ဆောင်ရွက် ပေးဖို့ ဆိုတဲ့ တောင်းဆို နေကြဆဲပါ။

အခုဆိုရင် မောင်တော၊ ဘူးသီးတောင် ဒေသမှာ တပ်မတော်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ အပြင် ပြည်နယ် ရဲတပ်ဖွဲ့ ကပါ လုံခြုံရေး ဆောင်ရွက် နေတာ ဖြစ်ပါတယ်။

အစိုးရ ဘက်က စက်တင်ဘာလ ၇ ရက်နေ့ နောက်ဆုံးထုတ်ပြန်ချက် အရ ရခိုင် ပဋိပက္ခ အတွင်းမှာ သေဆုံးသူ ၃၂ ဦး ရှိကြောင်း ဦးတင်မောင်ဆွေ က ပြောပါတယ်။

ဒါ့ အပြင် ARSA အကြမ်းဖက် သမား ၅၀ ယောက်ကို ဖမ်းဆီး ရမိ ထားတယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေး ကော်မတီ က သတင်းထုတ်ပြန် ထာပါ။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဘက်ကို ထွက်ပြေး လာတဲ့ ဒုက္ခသည် နှစ်သိန်းကျော် ရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ရုံးက စာရင်း ထုတ်ပြန် ထားပါတယ်။

အဲဒါနဲ့ ပတ်သက်လို့ တစ်ဘက် နိုင်ငံ ကို ထွက်ပြေးသွားတဲ့ လူ အရေအတွက် က သေချာ ကောက်ယူ ထားတာ မဟုတ်တဲ့ အတွက် ကုလသမဂ္ဂ က ထုတ်ပြန်ခဲ့သလို နှစ်သိန်းကျော် မရှိနိုင်ဘူးလို့ မြန်မာ အစိုးရ က ငြင်းဆို ပြီးအဲဒီ ဒုက္ခသည်တွေကို စိစစ်မှုတွေ လုပ်ပြီးမှ ပြန်လည် လက်ခံ မယ်ဆိုပြီး အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်း က ပြောကြား ထားပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေ၊ မောင်တော နဲ့ တခြား မြို့ပေါ်တွေကို ထွက်ပြေး တိမ်းရှောင်နေတဲ့ ရခိုင် တိုင်းရင်းသား၊ ဟိန္ဒူ နဲ့ တခြား ဒေသခံ တွေလည်း သောင်းနဲ့ချီ ရှိပါတယ်။