တောင်တွင်းကြီး ဆူပူသူ တချို့ကို ဖမ်းဆီးထား

  • 11 စက်တင်ဘာ 2017
Image caption ပြင်းပြင်းထန်ထန် အရေးယူသွားနိုင်ဖို့ ဝန်ကြီးချုပ်က ညွှန်ကြားထား

စက်တင်ဘာလ ၁၀ ရက်နေ့ က တောင်တွင်းကြီး က အစ္စလာမ် ဘာသာဝင် အချို့တွေရဲ့ နေအိမ်တွေနဲ့ ဈေးဆိုင်ခန်းတွေကို လူတစ်စု က ဖျက်ဆီးဖို့ ကြိုးစားမှု တွေ ဖြစ်ပွား ခဲ့ပါတယ်။

အဲဒီ လူတွေ ထဲ က တချို့ ကို ဖမ်းဆီး ထိန်းသိမ်း နိုင်ခဲ့တယ်လို့ အစိုးရ ဘက်က သတင်းထုတ်ပြန်ပါတယ်။

ဆူပူဖျက်ဆီးမှုမှာ လူဦးရေ လေးဆယ်နီးပါးလောက် ပါဝင်တယ်လို့ မျက်မြင်သက်သေတွေက ပြောကြားပါတယ်။ ပါဝင်သူတွေထဲက တစ်ဦးကို ညတွင်းချင်း ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နောက်ထပ် နှစ်ဦးကိုတော့ စက်တင်ဘာ ၁၁ ရက်နေ့မနက်ပိုင်းမှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆူပူမှုမှာပါဝင်တဲ့သူတွေကို ဖမ်းဆီး အရေးယူ ထားတဲ့အခြေနေနဲ့ ပတ်သက်ပြီး ခရိုင်အုပ်ချူပ်ရေးမှူး ဦးစိုးနိုင်က ဘီဘီစီကို ပြောပြပါတယ်။

စက်တင်ဘာ ၁ဝရက်နေ့ညက ဆူပူမှုတွေဖြစ်ပွားနေစဉ် ဝိုင်းအုံ လာခဲ့ တဲ့ လူအုပ်စု ကို လုံခြုံရေးတပ်ဖွဲ့ဝင် တွေက ရာဘာကျည်အသုံးပြုကာ လူအုပ် ခွဲခဲ့ပြီး ည၁ဝနာရီကျော်လောက်မှာ အခြေနေ တည်ငြိမ်အောင် ထိန်းသိမ်း နိုင်ခဲ့ပါတယ်။

တောင်တွင်းကြီး က အစ္စလာမ်ဘာသာဝင် အချို့ရဲ့ နေအိမ်နဲ့ တွဲရက်ဖွင့် ထားတဲ့ ဈေးဆိုင်ခန်း ၈ ခန်းပျက်စီးဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။

ဒီဆူပူမှုကိုလုပ်ဆောင်ခဲ့သူတွေနဲ့ နောက်ကွယ်က ပါဝင်သူ တွေကို ပြင်းပြင်းထန်ထန် အရေးယူသွားနိုင်ဖို့ ဝန်ကြီးချုပ်က ညွှန်ကြားထားတယ်လို့ တောင်တွင်းကြီး မြို့နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးမင်းသိန်းက ဘီဘီစီကိုပြောပါတယ်။

တောင်တွင်းကြီးမြို့မှာ အလားတူဆူပူမှုတွေ ထပ်မဖြစ်အောင် လုံခြုံရေးတပ်ဖွဲ့ဝင် တွေကို တိုးမြှင့်ချထား သလို မြို့မိမြို့ဖတွေနဲ့ မြို့ခံလူငယ်တွေကလည်း ပူးပေါင်းပါဝင်စောင့်ကြပ်သွားဖို့ လုပ်ဆောင်နေကြ ပါ တယ်။

မြို့ကြီးအများစုမှာ ဘာသာရေး ဆူပူမှုတွေ ဖြစ်ပွားစေနိုင်တဲ့ကောလာဟလတွေက ပြန့်နှံ့နေပြီး ဒီလိုဖြန့်ဝေ သူတွေကို အရေးယူသွားမယ်လို့ အစိုးရပိုင်းက ထုတ်ပြန်ထားပေမဲ့ အခုလို အုပ်စုဖွဲ့ဆူပူတာတွေ ဖြစ်ပွား လာတဲ့အတွက် အများပြည်သူအကြားမှာလည်း စိုးရိမ်မှုတွေရှိနေကြတယ်လို့သိရပါတယ်။