ရခိုင်ပြည်နယ်တွင်း INGO တွေ လှုပ်ရှားမှုကို ကန့်သတ်လာ

  • 11 စက်တင်ဘာ 2017
Image caption မောင်တောကနေ စစ်တွေကို ပြေးလာတဲ့သူတွေ

မတည်ငြိမ်မှုတွေ ဆက်လက် ရှိနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကူအညီပေးရေး နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ ကိုယ့်သဘောနဲ့ ကိုယ် သွားလာ ဆောင်ရွက်ခွင့် ရှိတော့မှာ မဟုတ်ပဲ ပြည်နယ် အစိုးရနဲ့ ပူးတွဲဆောင်ရွက် ရမယ်ဆိုပြီး ပြည်နယ် အာဏာပိုင်တွေ ဘက်က ကန့်သတ် လာပါတယ်။

အဲဒီ နိုင်ငံတကာ ပရဟတိတ အဖွဲ့တွေ အနေနဲ့ ဗဟိုအစိုးရ အဆင့်နဲ့ကြား နားလည်မှု စာချုပ်တွေ ချုပ်ဆိုရမယ့် အပြင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ ခွင့်ပြုချက် ရမှသာ ရခိုင် ပြည်နယ်ကို လာရောက်ခွင့် ရှိမှာ ဖြစ်တယ်လို့ ပြည်နယ် အစိုးရ အတွင်းရေးမှုး ဦးတင်မောင်ဆွေက ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲ ရောက်လာတဲ့ အခါမှာလည်း ပြည်နယ် အစိုးရထံ သတင်းပို့ဖို့ လိုအပ်သလို၊ ပြည်နယ် အာဏာပိုင်တွေရဲ့ အစီအစဉ်နဲ့သာ သွားလာ လှုပ်ရှားရမှာ ဖြစ်တယ်လို့ ဦးတင်မောင်ဆွေ က ဆိုပါတယ်။

မောင်တော ဒေသထဲမှာ နိုင်ငံတကာ INGO အဖွဲ့တွေ များပြား လွန်းနေခဲ့ပြီး၊ တိုက်ခိုက်မှုတွေ ဆောင်ရွက်လာသူတွေ ဆီက သိမ်းဆည်း ရမိတာတွေထဲ အဲဒီ အဖွဲ့အစည်းတွေရဲ့ တံဆိပ်တွေ ပါတဲ့ အိတ်ခွံတွေ ပစ္စည်းတွေ တွေ့ရတဲ့နောက် ပြည်နယ်သူ ပြည်နယ်သားတွေ အနေနဲ့ INGO တွေ အပေါ် ဆန့်ကျင် လာခဲ့ကြတယ်လို့ ဦးတင်မောင်ဆွေ က ပြောပါတယ်။

ဒီလို စီမံ လာရပေမယ့် ရခိုင်ပြည်နယ်ထဲ နိုင်ငံတကာ အထောက်အပံ့တွေကို ပိတ်ပင် တားဆီးတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလို့လည်း ဦးတင်မောင်ဆွေ က ဆိုပါတယ်။