ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် တောင်းဆိုမှု မြန်မာ တုံ့ပြန်

  • 12 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption မြန်မာကနေ ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးခဲ့တဲ့ ဒုက္ခသည် ၃ သိန်း ၇ သောင်း ရှိတယ်လို့ ကုလသမဂ္ဂဆို

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာကြသူ တွေဟာ မြန်မာဘက်က လာတာဖြစ်လို့ မြန်မာဘက်က ပြန်ခေါ်ပါလို့ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ဒေါ်အောင်ဆန်း စုကြည်ကို တိုက်ရိုက် သတင်းစကား ပြောလိုက်ပါတယ်။

ရိုဟင်ဂျာ ရွာသား တွေကို မြန်မာအစိုးရစစ်တပ်ပဲ ဖြစ်ဖြစ်၊ လုံခြုံရေး တပ်တွေကပဲ ဖြစ်ဖြစ် တိုက်ခိုက်တာကို ခွင့်မပြုသင့်ဘူးလို့ သူက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာသူတွေ နေထိုင်နေတဲ့ ဒုက္ခသည်စခန်း တစ်ခုကို သြဂုတ်လ ၁၂ ရက်နေ့က သွားခဲ့တဲ့ ရှိတ်ဟာဆီနာက မြန်မာအစိုးရ အနေနဲ့ အခြေ အနေကို စိတ်ရှည်ရှည်ထား ကိုင်တွယ်ခဲ့ သင့်တယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်း ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်ပြေးလာသူ သုံးသိန်း ခုနှစ်သောင်းကျော် ရှိခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

မြန်မာ အစိုးရ ဘက်ကတော့ ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေဟာ မြန်မာ နိုင်ငံဘက်မှာ နေထိုင်ခဲ့သူတွေ ဖြစ်ကြောင်း အထောက်အထား ပြနိုင်ရင် စိစစ်ပြီး ပြန်လက်ခံမယ်လို့ ဆိုပါတယ်။

လူမျိုးတုန်း သုတ်သင် ရှင်းလင်းမှု လုပ်နေတယ်လို့ ကုလသမဂ္ဂက ပြောဆိုတာနဲ့ ပတ်သက်လို့ ဘီဘီစီက မေးရာမှာ မြန်မာ အစိုးရ အနေနဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို အဓိကထား ဆောင်ရွက်နေပြီး အဲဒီလို လုပ်ဆောင်ရာမှာ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာဖို့ ထိပ်ပိုင်း တာဝန်ရှိသူတွေကနေ အောက်ခြေ အထိ ဆင့်ကဲ ညွှန်ကြားထားပြီး ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက ပြောပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့က ရဲကင်းစခန်း ၃၀ အပါအဝင် ဘက်စုံ တိုက်ခိုက်မှု တွေကို လူပေါင်း တစ်သောင်း နှစ်ထောင်လောက် ပါဝင် ပတ်သက်ခဲ့ တာဟာ သာမန် ကိစ္စ မဟုတ်ကြောင်း နဲ့ ဟိန္ဒူ ဘာသာဝင်တွေလည်း အများကြီး သတ်ဖြတ်ခံခဲ့ရတာတွေ ရှိကြောင်း သူက ပြောပါတယ်။

အစိုးရက အကြမ်းဖက် တိုက်ခိုက်သူနဲ့ သာမန် အရပ်သားတွေကို မခွဲခြားဘဲ သုတ်သင် ရှင်းလင်း နေတယ်လို့ ကုလသမဂ္ဂက ပြောတဲ့ အပေါ်မှာတော့ ဒါမျိုး လုပ်ဆောင်တာ မရှိကြောင်းနဲ့ မွတ်ဆလင် ရွာသားတွေက အကြမ်းဖက် တိုက်ခိုက်မယ့်သူတွေ သူတို့ ရွာတွေထဲကို ဝင်လာရင် ဖမ်းဆီးပြီး သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်း တွေကို အပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတာကို ကြည့်ရင် သိနိုင်တယ်လို့ ဦးကျော်ဇေယျက ပြောပါတယ်။

လူမျိုးရေး သုတ်သင် ရှင်းလင်းမှုတွေသာ ရှိနေရင် အဲဒီလို ပူးပေါင်းဆောင်ရွက်မှု ရှိမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။