ဥပဒေ အရ လူမျိုးရေး ရှင်းလင်းမှု ဝေါဟာရက ဘာဆိုလိုလဲ

  • 12 စက်တင်ဘာ 2017
Image caption လေးရက် ခြေကျင် လျှောက်ပြီး ဘင်္ဂလားဒေ့၇ှ်ဘက် ရောက်လာသူ

ရခိုင်ပြည်နယ် မြောက်ပိုင်းက ပဋိပက္ခတွေ အတွင်း မြန်မာအစိုးရက ရိုဟင်ဂျာတွေ အပေါ် တိုက်ခိုက်မှုဟာ Ethnic Cleasing လူမျိုးရေး ရှင်းလင်းမှု ပုံစံမျိုး ဖြစ်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အကြီးအကဲက ပြောဆို ခဲ့ပါတယ်။

ပဋိပက္ခဖြစ်နေတဲ့ နေရာတွေကို ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေးမှူးတွေ ဝင်ရောက်ခွင့် မရတဲ့အတွက် အဲဒီက အခြေအနေတွေကို သေသေချာချာ အကဲဖြတ်လို့ မရနိုင်သေးပေမယ့် ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် လူမျိုးရေး ရှင်းလင်းမှု ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီတော့ Ethnic Cleasing လူမျိုးရေး ရှင်းလင်းမှုဆိုတာ ဥပဒေပညာအရ ဘာကို ဆိုလိုတာလဲ၊ အခုဖြစ်နေတာဟာ ဘယ်လို အနေအထားမျိုး အဖြစ် သုံးသပ် နိုင်သလဲ ဆိုတာကို လန်ဒန် Queen Mary တက္ကသိုလ်က ဥပဒေနဲ့ ကမ္ဘာလွှမ်းခြုံမှုဆိုင်ရာ ပါမောက္ခ လည်းဖြစ်၊ International State Crime Initiative ရဲ့ ဒါရိုက်တာလည်း ဖြစ်တဲ့ ပါမောက္ခ Penny Green ကို ဘီဘီစီက မေးမြန်းထားပါတယ်။

ဘီဘီစီ ။ ။ Ethnic Cleasing လူမျိုးရေး ရှင်းလင်းမှုဆိုတာ ဥပဒေပညာအရ ဘာကို ဆိုလိုတာလဲ ။

Penny Green ။ ။ Ethnic Cleasing လူမျိုးရေး ရှင်းလင်းမှု ဆိုတာ ဥပဒေအသုံးအနှုံး မဟုတ်ပါဘူး။ လူမျိုးရေးအခြေခံနဲ့ လူမျိုးနွယ်စု တခုခုကို ဖယ်ရှားပစ်ဖို့ စီစဉ်ကြိုးစားတာကို ယူဆ ပြောဆိုကြတဲ့ အသုံးအနှုံးပဲ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်တဲ့ ဥပဒေလည်း မရှိသလို ဥပဒေကြောင်းအရ ပြောဆို ဆွေးနွေးတာမျိုးလည်း မရှိပါဘူး။ Genocide လူမျိုးတုံး သတ်ဖြတ်မှု ဆိုတာအတွက်သာ ဥပဒေရှိပြီး ဒီဥပဒေကို နိုင်ငံတကာ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ပဋိဉာဉ် အရ ဖော်ဆောင် ပြဌာန်း ခဲ့တာ ဖြစ်ပါတယ်။

ဒီတော့ ကျမတို့ လုပ်ထားတဲ့ လေ့လာမှုတွေအရ ရိုဟင်ဂျာတွေအပေါ် မြန်မာအစိုးရရဲ့ ပြုမှုနေပုံတွေဟာ ကျမတို့အမြင်အရ Genocide လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်ပါတယ်။

ဘီဘီစီ။ ။ ဘယ်လို အထောက်အထားတွေနဲ့ ဒီလို Genocide လူမျိုးတုံး သတ်ဖြတ်မှုလို့ ပြောရတာလဲ။

Penny Green ။ ။ Genocide လူမျိုးတုံး သတ်ဖြတ်မှုဆိုတာ အခုချက်ခြင်း လူအများအပြားကို အကြမ်းဖက် သတ်ဖြတ်တာမျိုးကိုချည်း ရည်ညွှန်းတာ မဟုတ်ပါဘူး။ စီစဉ် ဆောင်ရွက်မှုတခုရဲ့ နောက်ဆုံး ရလာဒ်လည်း ဖြစ်နိုင်ပါတယ်။

ဆိုလိုတာက လူမျိုးတုံး သတ်ဖြတ်မှုဆိုတာ လူမျိုးစုတစုစု အပေါ် ပစ်မှတ်ထား ပြီး လူ့ခွင့်အရေး ချိုးဖေါက်တာမျိုးတွေနဲ့ အစပြုလို့ ဖိနှိပ်မှုတွေ နဲ့ တဖြေးတဖြေး အကြမ်းဖက်တဲ့အထိ စီစဉ် လုပ်ဆောင်တဲ့ လုပ်ငန်းစဉ်တခုလည်း ဖြစ်နိုင်ပါတယ်။

လူမျိုးစုတခုကို တနေရာတည်းမှာ သီးခြားထားတာ ၊ စခန်းဖွင့်ပြီး ထားတာမျိုးပေါ့၊ ၂၀၁၂ခု ရိုဟင်ဂျာတွေ အကြမ်းဖက် တိုက်ခိုက် ခံခဲ့ရချိန်က လုံခြုံရေး တပ်ဖွဲ့တွေက အကာအကွယ် မပေးပဲ ကြည့်နေခဲ့တာတွေ ၊ ဒီနောက် စခန်းသွင်း ထားခဲ့တာတွေ ၊ ကန့်သတ် ခံရတာတွေ ရှိနေခဲ့ပါတယ်။

၂၀၁၆ မှာလည်း အလားတူဖြစ်ခဲ့တယ်။ အခုလောလောဆယ်မှာလည်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ရခိုင်အမျိုးသားရေးဝါဒီတွေရဲ့ အကူအညီနဲ့ အစိုးရက ဒီအတိုင်း လုပ်နေတာတွေ့ရပါတယ်။

ဒီအတွက် ဘင်္ဂလားဒေ့ရှ်ကို သိန်းချီ ထွက်ပြေးနေကြတယ်။ ဒီတော့ လူမျိုးတုံး သတ်ဖြတ်မှုဆိုတာ လူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာမျိုး ဖြစ်နိုင်သလို … အခုဖြစ်နေတဲ့ ရိုဟင်ဂျာတွေကို မနေနိုင်အောင် မောင်းထုတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

Image caption ဘင်္ဂလားဒေ့ရှ်ဘက် ရောက်လာတာ ၃ သိန်း ကျော် နေပြီ

ဘီဘီစီ။ ။ နာဇီတွေက ဂျူးတွေကို သုတ်သင်တာကို လူမျိုးတုံး သတ်ဖြတ်မှု လူအများက လက်ခံကြပေမယ့် အခုဖြစ်နေတဲ့ အပေါ် လူမျိုးတုံး သတ်ဖြတ်မှုလို့ စွပ်စွဲတာက မပြင်းထန်လွန်ဘူးလား။

Penny Green ။ ။ ဟုတ်တယ်၊ ဒီအသုံးအနှုံးက ပြင်းထန်ပါတယ်။ တကယ်လည်းဖြစ်နေလို့ သုံးတာပါ။ ကျမတို့ In ternational State Crime Initiative က ၂၀၁၅ မှာ ရခိုင်ပြည်နယ်က လူမျိုးစုံ လူ ၂၀၀ လောက်ကို မေးမြန်းပြီး ထုတ်ခဲ့တဲ့ အစီရင်ခံစာမှာ ကတည်းက ရိုဟင်ဂျာတွေ အပေါ် အစီအစဉ်ရှိရှိနဲ့ လူမျိုးတုံးအောင် လုပ်နေတယ်လို့ ဖေါ်ပြခဲ့ပါတယ်။

ဒီတော့ အခုကျမတို့ တွေ့နေရတာက အဲဒီအစီအစဉ်ရဲ့ နောက်ဆုံးပိုင်းဖြစ်ပါတယ်။ ဒါကြောင့် လူမျိုးတုံး သတ်ဖြတ်မှုလို့ စွပ်စွဲတာဟာ ပြင်းထန်တယ်လို့ မယူဆပါဘူး။

ဘီဘီစီ။ ။ အခု လူမျိုးတုံး သတ်ဖြတ်မှုလို့ စွပ်စွဲထားပြီဆိုတော့ ဘယ်လို ဆက်လုပ်မှာလဲ၊ နိုင်ငံတကာ ခုံရုံးတင်တာမျိုး ဥပဒေကြောင်းအရ လုပ်ဆောင်မှာလား။

Penny Green ။ ။ နိုင်ငံတကာ ဥပဒေနဲ့တော့ အစိုးရကို လူမျိုးတုံး သတ်ဖြတ်မှုနဲ့ အရေးယူဖို့ ဆိုတာက ခက်ခဲပြီး ဖြစ်နိုင်မယ်မထင်ဘူး။ ဒါပေမယ့် မြန်မာနိုင်ငံက ရိုဟင်ဂျာ၊ ကချင်နဲ့ တခြား တိုင်းရင်းသားတွေ အပေါ် အစိုးရက ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ People Tribunal ပြည်သူ့ခုံရုံးဆိုတာ ဒီနှစ် အစောပိုင်းက ကျမတို့ ဖွဲ့စည်းပြီး ကြားနာ စစ်ဆေးနေပါတယ်။ နောက်ဆုံးကြားနာတာကို ဒီလ နှောင်းပိုင်းလုပ်မှာပါ။ ဒါက ဥပဒေကြောင်း အရ မဟုတ်ပဲ မြန်မာနိုင်ငံမှာ ဘာဖြစ်နေသလဲဆိုတာ ကမ္ဘာက သိအောင် လုပ်တာပဲ ဖြစ်ပါတယ်။