လူမျိုးရေး ရှင်းလင်းနေတယ် ဆိုတဲ့ စွပ်စွဲချက်ကို မြန်မာ တန်ပြန် ရှုတ်ချ

  • 12 စက်တင်ဘာ 2017
Image caption လက်နက်ကိုင်တွေ ကျူးလွန်တဲ့ ရက်စက်မှုတွေကို သည်းခံမှာ မဟုတ်

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေကို ပစ်မှတ်ထားပြီး လူမျိုးရေး ရှင်းလင်းမှု ethnic cleansing အခြေအနေထိ လုပ်ဆောင် နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး ဇိတ် ရအာ့ဒ် အယ်လ်-ဟူစိန်က ပြောဆို ခဲ့တဲ့ အပေါ် မြန်မာ အစိုးရဘက်က တန်ပြန် ကန့်ကွက် ရှုတ်ချ လာပါတယ်။

လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု crimes against humanity နဲ့ လူမျိုးရေး ရှင်းလင်းမှု ethnic cleansing ဆိုတဲ့ ဝေါဟာရတွေဟာ အင်မတန် ဆိုးရွားတဲ့ အဓိပ္ပာယ်မျိုး သက်ရောက် စေပြီး၊ ဥပဒေနဲ့ တရားရေးကြောင်း ဆိုင်ရာ အဆုံးအဖြတ်တွေ ပြုလုပ် နိုငတဲ့ အခါမှသာ အင်မတန် တာဝန်ကြီးကြီး ယူပြီး သုံးစွဲ သင့်တယ်လို့ မြန်မာ သံအမတ် ဦးထင်လင်းက ဂျနီဗာမြို့၊ လူ့အခွင့်အရေးကောင်စီမှာ ပြောဆို ခဲ့ပါတယ်။

ဒါ့အပြင်၊ မြန်မာ နိုင်ငံမှာ ပေါ်ပေါက် နေတဲ့ သွေးထွက်သံယို ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာ လက်နက်ကိုင်တွေ အပေါ် ဦးထင်လင်းက ပြစ်တင် ပြောဆို ခဲ့သလို၊ အဲဒီ လက်နက်ကိုင်တွေ ကျူးလွန်တဲ့ ရက်စက်မှုတွေကို အစိုးရ အနေနဲ့ လုံးဝ သည်းခံမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

Image caption ethnic cleansing အခြေအနေထိ လုပ်ဆောင် နေတယ်လို့ ဝေဖန်သူ

ရခိုင်ပြည်နယ်တွင်း စစ်ရေး လှုပ်ရှားမှုတွေကြောင့် အခု သီတင်းပတ်တွေ အတွင်း ရိုဟင်ဂျာ မွတ်ဆလင် သုံးသိန်း ခုနှစ်သောင်း ကျော် ဘင်္ဂလားဒ့်ရှ် နိုင်ငံဘက် ထွက်ပြေး ခဲ့ကြရပြီး၊ သူတို့ အပေါ် ညှင်းပမ်းနှိပ်စက်မှုတွေ၊ သတ်ဖြတ်မှုတွေ ပြုလုပ်နေတယ် ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် နေပါတယ်။

အာရ်ကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA လို့ မှည့်ခေါ်ထားတဲ့ လက်နက်ကိုင်တွေက လူတွေကို တတိယနိုင်ငံတွေမှာ အခြေချ နေထိုင်ခွင့် ရလိမ့်မယ် လို့ သိမ်းသွင်း ဖြားယောင်းပြီး ကိုယ့်နေအိမ်တွေ ကနေ စွန့်ခွာ ထွက်သွား ခိုင်းနေတာသာ ဖြစ်တယ်လို့ မြန်မာ သံအမတ် ဦးထင်လင်းက လူ့အခွင့်အရေးကောင်စီ ရှေ့မှောက် ပြောဆို ခဲ့ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည် အရေးနဲ့ ပတ်သက်ပြီး ဒီကနေ့ စက်တင်ဘာ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့မှာ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ကျင်းပဖို့ စီစဉ် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ