မွန်အစိုးရရဲ့ သတင်းမှန်ပြန်ကြားရေးမှာ ပါဝင်ဖို့ သတင်းသမားတွေငြင်းဆန်

  • 13 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် MOn State Gov office
Image caption မွန်အစိုးရအဖွဲ့ရုံး

ပြည်နယ်အစိုးရရဲ့ သတင်းမှန်ပြန်ကြားရေး ကော်မတီဖွဲ့ဖို့ မွန်အစိုးရတာဝန်ရှိသူတွေရဲ့ ဦးဆောင်မှုနဲ့ ဆွေးနွေးပွဲတရပ်ကို စက်တင်ဘာလ ၁၃ ရက်နေ့က ကျင်းပခဲ့တာပါ။

ကောလာဟလနဲ့ မမှန်ကန်တဲ့ သတင်းတွေကြောင့် ပြည်သူတွေ အထိတ်တလန့် မဖြစ်အောင် အမြန်ဆုံးပြည်သူတွေကို သတင်းမှန်ပြန်ကြားနိုင်အောင်လို့ မီဒီယာတွေလည်းပါနိုင်မလားဆိုပြီး ဆွေးနွေးတာဖြစ်တယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ဘီဘီစီကို ပြောပါတယ်။

မီဒီယာတွေအနေနဲ့ ပါဝင်ဖို့ အသင့်မဖြစ်ကြဘူးလို့ ဦးမြင့်သန်းဝင်းက ပြောပါတယ်။

သတင်းမှန်ပြန်ကြားရေးအဖွဲ့မှာ မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ဥက္ကဌအဖြစ်ပါဝင်မှာဖြစ်ပီး ပြည်နယ်ထဲက သတင်းမီဒီယာတွေကို ဖိတ်ခေါ်ပေမဲ့ သတင်းထောက်တွေက ငြင်းဆိုခဲ့ကြပါတယ်။

သတင်းသမားတွေရဲ့ ကျင့်ဝတ်စံနှုန်းတွေအရ ငြင်းဆန်တာဖြစ်ပြီး သတင်းသမားတွေရဲ့ အခြေခံ ကျင့်ဝတ်အရ ဘက်လိုက်မှုကင်းရမှာ ဖြစ်တဲ့အတွက် ဘက်တဘက်ကို မရောက်စေလိုတဲ့အတွက် ငြင်းဆန်တာဖြစ်တယ်လို့ မော်လမြိုင်အခြေစိုက် တောင်ပိုင်းဂျာနယ်လစ်ကွန်ယက်က အမှုဆောင်တဦးဖြစ်တဲ့ ကိုကျော်စိုးက ပြောပါတယ်။

ကောလာဟလတွေကို တိုက်ဖျက်ဖို့ သတင်းမှန်ထုတ်ပြန်ရေးကော်မတီဖွဲ့စည်းတာကိုတော့ ကြိုဆိုပြီး တချိန်တည်းမှာလည်း ထုတ်ပြန်ချက်တွေက တိကျမှန်ကန်ဖို့လည်း လိုအပ်တယ်လို့ ကိုကျော်စိုးက မှတ်ချက်ပြုပါတယ်။

သတင်းမှန်ပြန်ကြားရေးဆိုပီး စစ်တပ်သတင်းမှန်သမျှကို ပြန်ကြားပေးနေတဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ဆိုတာရှိသလို အခုအခါမှာလည်း မွန်ပြည်နယ်က ပထမဆုံးအကြိမ် အစိုးရအစီအစဉ်နဲ့ သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဖွဲ့ဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။

ဒီလို အစိုးရဘက်က သတင်းတွေထုတ်ပြန်ဖို့ မီဒီယာကောင်စီနဲ့ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြပေမဲ့ အခုချိန်အထိ သတင်းမီဒီယာသမားတွေဘက်က အစိုးရဌာနတွေနဲ့ တပ်မတော်ကို သတင်းမေးဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။