အရေးကြီး ပြည်တွင်း ကိစ္စတွေကြောင့် ကုလ ညီလာခံမတက်ဖို့ ဒေါ်စု ဆုံးဖြတ်

  • 13 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ဒေါ်အောင်ဆန်းစုကြည် ကုလ ညီလာခံမတက်တဲ့ အကြောင်းရင်း ဦးဇော်ဌေးရှင်းလင်း

ကုလသမဂ္ဂ အထွေထွေညီလာခံကို ဒေါ်အောင်ဆန်း စုကြည် တက်ရောက်ဖို့ ရှိတဲ့ အစီအစဉ် ဖျက်လိုက်ရတဲ့ အကြောင်းအချက် တွေကို အစိုးရက ရှင်းပြခဲ့ပါတယ်။

ရခိုင်ပြည်နယ် မောင်တောပဋိပက္ခနဲ့ ပတ်သက်လို့ ပြည်တွင်းမှာ အစိုးရကို ဆန့်ကျင် ဆန္ဒပြမှုတွေ၊ အဲဒီ ဆန္ဒပြမှုတွေနဲ့ ဆက်စပ်ပြီး လူမျိုးရေး ဘာသာရေး ဘက်ကို ဆွဲသွားတဲ့ ပဋိပက္ခ ဖန်တီးမှုတွေ ရှိနေတာကြောင့် တည်ငြိမ်မှုကို အလေးထား ဆောင်ရွက် နေရတာကြောင့် ညီလာခံ မတက်တာလို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သြဂုတ်လ ၁၃ ရက်နေ့က သတင်းထောက် တွေကို ရှင်းလင်း ပြောခဲ့ ပါတယ်။

မြန်မာ နိုင်ငံ မြို့ကြီးတွေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်လာနိုင်တဲ အန္တရာယ် ရှိတယ်လို့ သတင်းအချက်အလက်တွေ ရတဲ့ အတွက် လုံခြုံရေး အရ အလေးထား ဆောင်ရွက်ရတဲ့ အခြေအနေတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ARSA အဖွဲ့က ရဲစခန်းတွေကို တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး နောက်ပိုင်း ထွက်ပြေး တိမ်းရှောင် ခဲ့ကြတဲ့ ရခိုင်ပြည်နယ် မောင်တော ဒေသမှာ နေထိုင်သူတွေ အတွက် လူသားချင်း စာနာ ထောက်ထားမှု အကူအညီတွေ ချက်ခြင်းလုပ်ရမယ့် ကိစ္စနဲ့ သမ္မတ ဦးထင်ကျော် ကျန်းမာရေး အရ ဆေးကုသမှု ခံယူ နေရတဲ့ ကိစ္စတွေကြောင့်လည်း ဒေါ်အောင်ဆန်း စုကြည်ရဲ့ ခရီးစဉ် ဖျက်လိုက်တာလို့ ဦးဇော်ဌေးက ပြောပါတယ်

ဒီအကြောင်း တွေကြောင့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကိုမသွားဖြစ် ပေမဲ့ လတ်တလော ဖြစ်ပျက်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး တကမ္ဘာလုံးကို ရှင်းပြမယ့် အစီအစဉ် အနေနဲ့ လာမယ့် စက်တင်ဘာလ ၁၉ ရက် မနက် ၁၀ နာရီမှာ ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံတော်အခြေ ပြမိန့်ခွန်း ပြောမှာ ဖြစ်ပါတယ်။

ကုလ သမဂ္ဂ အထွေထွေ ညီလာခံ မတက်ဖြစ်တဲ့ အတွက် ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ မြန်မာ နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေ အနေတွေကို ညီလာခံတက်လာတဲ့ နိုင်ငံတွေကို ရှင်းပြနိုင်တဲ့ အခွင့် အလမ်း ဆုံးရှုံး သွားတယ်လို့ မြင်ကြောင်း ရခိုင် အမျိုးသား ပါတီ ANP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောပါတယ်။

နိုင်ငံရေး သုံးသပ်သူ တချို့ကတော့ ဒေါ်အောင်ဆန်း စုကြည် ညီလာခံ မတက်တဲ့ အတွက် ပြည်တွင်းမှာ လုပ်ဆောင်ဖို့ လိုတာတွေကို ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့ ယူဆကြပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံကို ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူနဲ့ အမျိုးသာဒလုံခြုံရေး ဆိုင်ရာ အကြံပေး ဦးသောင်းထွန်းတို့ ဦးဆောင်ပြီး တက်ရောက်မှာ ဖြစ်ပါတယ်။