ငြိမ်းချမ်းရေးမှာ တရုတ်အနေနဲ့ ဘက်မလိုက်ပဲကူညီသင့်လို့ ဗိုလ်ချုပ်ကြီးယွက်စစ်ပြော

  • 16 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် AMM
Image caption ဗိုလ်ချုပ်ကြီးယွက်စစ်

ရန်ကုန်မှာ သံတမန်တွေ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခဲ့တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်ဟာ ခရီးစဉ်နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းမှုကို ပြုလုပ်ခဲ့ရာမှာ တရုတ်နိုင်ငံအနေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဘက်မလိုက်ပဲ ကြားနေ ကူညီမယ်ဆိုရင် အကောင်းဆုံးဖြစ်မယ်လို့ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နေတဲ့ တရုတ်အခန်းကဏ္ဍကို ထိုင်းနယ်စပ်မှာ ဌာနချုပ် တည်ရှိတဲ့ အာစီအက်စ်အက်စ် အဖွဲ့ရဲ့ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောဆိုလာတာဖြစ်ပါတယ်။

ရန်ကုန်ရောက် ဗိုလ်ချုပ်ကြီး ယွက်စစ်ဟာ စက်တင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းက ရန်ကုန်အခြေစိုက် တရုတ်သံရုံးက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တာပါ။

ဘက်မလိုက်မှုဆိုတာ ဘယ်လိုမျိုးလဲဆိုတာတော့ အတိအကျ ပြောဆိုသွားတာ မရှိပါဘူး။

ရန်ကုန်ခရီးစဉ်အတွင်း အမေရိကန် ဗြိတိသျှ သံတမန်တွေနဲ့ တွေ့ဆုံမှုမှာတော့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်တဲ့ နှစ်ဘက်အမြင်တွေကို ဆွေးနွေးခဲ့ကြသလို နိုင်ငံတကာ ပါဝင်မှု အခန်းကဏ္ဍကိုလည်း ဆွေးနွေးခဲ့ပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အခြေပြု အကောင်ထည်ဖော်နေတဲ့ အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုတုန်းက တရုတ် ၊ ကုလသမဂ္ဂ ၊ အီးယူ တို့အနေနဲ့ သက်သေအဖြစ် လက်မှတ်ရေးထိုးတာတွေရှိပေမဲ့ အမေရိကန်လို နိုင်ငံကတော့ စာချုပ်ရေးထိုးမှုမှာ သက်သေအဖြစ် ပါဝင်မှု မရှိခဲ့ပါဘူး။

တိုက်ပွဲနဲ့ ပဋိပက္ခဖြစ်နေတဲ့ တအာင်းပလောင် ၊ ကိုးကန့် ၊ အေအေ တို့လို အဖွဲ့တွေဟာဆိုရင် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တရုတ်အနေနဲ့ ကြားဝင်ဆောင်ရွက်ပေးဖို့ မကြာခဏတောင်းဆိုတာတွေ ရှိသလို ဝ လိုအဖွဲ့ကဆိုရင် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အနောက်နိုင်ငံတွေ ပါဝင်တာ တရုတ်မကြိုက်ဆိုတဲ့ သဘောမျိုး တရားဝင် ထုတ်ပြန်ချက်တွေ ထုတ်ခဲ့ဖူးပါတယ်။

ရှမ်းပြည်နယ် အခြေစိုက် နိုင်ငံရေးပါတီ SNLD ကတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တရုတ်ပါတာကောင်းပေမဲ့ တရုတ်နိုင်ငံတည်းက လွှမ်းမိုးနေရင်လည်း အမျိုးသား အကျိုးစီးပွားအတွက် မေးခွန်းထုတ်စရာ ရှိပြီး အမေရိကန်အပါဝင် အိန္ဒိယနဲ့ အာဆီယံတို့ပါ ပါဝင်သင့်တယ်လို့ ပါတီပြောခွင့်ရ စိုင်းလိတ်က ပြောပါတယ်။

နေပြည်တော်မှာ လွန်ခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အစိုးရ တပ်မတော် ထိပ်သီးခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှုတွေမှာတော့ နှစ်ဘက်တပ်ဖွဲ့တွေကြောင့် ဒေသခံတွေ ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့ သဘောတူခဲ့ပေမဲ့ တိုက်ပွဲတွေကြောင့် ဖမ်းဆီးခံထားရသူတွေကို ပြန်လွတ်ပေးဖို့လို ကိစ္စတွေကတော့ သဘောတူညီနိုင်မှု မရှိသေးပါဘူး။

အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးဖော်ဆောင်နေမှုကို ကျေနပ်အားရမှု မရှိပေမဲ့ အန်အယ်လ်ဒီ အရပ်သားအစိုးရရဲ့ အခက်အခဲကိုလည်း နားလည်ကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။ အာစီအက်စ်အက်စ်ခေါင်းဆောင်ရဲ့ နေပြည်တော် ၊ ရန်ကုန်ခရီးစဉ်အတွင်း တရုတ်နယ်စပ်တလျှောက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အန်စီအေ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးလာနိုင်ရေးအတွက် ဆွေးနွေးခဲ့တာလည်း ရှိတယ်လို့ အာစီအက်စ်အက်စ်ဘက်က ပြောပါတယ်။

နေပြည်တော်မှာ အစိုးရနဲ့ တွေ့ဆုံစဉ် မူးယစ်တိုက်ဖျက်ရေး ကိစ္စရပ်တွေ မအောင်မြင်မှု ဖြစ်နေတာတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။