ဒုက္ခသည်တွေသွားလာခွင့် ဘင်္ဂလားဒေ့ရှ်ကန့်သတ်

  • 16 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ရိုဟင်ဂျာ ဒုက္ခသည် စခန်းတခုကို စက်တင်ဘာလ ၁၆ ရက်နေ့မှာ မြင်တွေ့ရပုံ

ပြီးခဲ့တဲ့ ၃ ပတ်အတွင်း ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည် လေးသိန်းရဲ့ သွားလာခွင့်တွေကို ကန့်သတ်ချက် အများအပြားပြုလုပ်ထားတယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲအဖွဲ့က ကြေညာလိုက်ပါတယ်။

ဒုက္ခသည်တွေအနေနဲ့ သတ်မှတ်ပေးထားတဲ့ နေရာတွေမှာပဲ နေရမှာဖြစ်ပြီး ဆွေမျိုးတွေ မိတ်ဆွေတွေနဲ့ နေထိုင်ဖို့အတွက် တခြားနေရာတွေကို ခရီးသွားလာတာမျိုး လုပ်ခွင့်မရှိဘူးလို့ ရဲအဖွဲ့ရဲ့ ကြေညာချက်တခုမှာ ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရဟာ ဒုက္ခသည်တွေကို သာမန်ပြည်သူတွေနဲ့ ရောထွေးသွားမှာကို စိုးရိမ်နေပါတယ်။ သူတို့ဟာ ရိုဟင်ဂျာတွေကို မြန်မာပြည်ပြန်ပို့ချင်တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဟာ နောက်ထပ်ရောက်လာတဲ့ ဒုက္ခသည်တွေ အတွက် စခန်းအသစ်တွေအများအပြား ဆောက်လုပ်နေတယ်လို့လည်း ဆိုပါတယ်။

ဒုက္ခသည်တွေဟာ အခုအခါ နယ်စပ်မှာ ပြည့်ကျပ်နေပါတယ်။

ထွက်ပြေးလာသူတွေအားလုံးလိုလိုက သူတို့အိမ်တွေ ရွာတွေကို အစိုးရစစ်တပ်က မီးရှို့ခဲ့တယ်လို့ လည်း ဘီဘီစီ သတင်းထောက်ကို ပြောပါတယ်။ စစ်သားတွေဟာ ရွာထဲကို ဝင်ပြီး တွေ့တဲ့ယောက်ျားမှန်သမျှ အကုန်ပစ်ခတ်သတ်ဖြတ်တယ်လို့လည်း ဒုက္ခသည်တွေက ဘီဘီစီကို ပြောပါတယ်။

ပဋိပက္ခဖြစ်ပွားရာနေရာကို ကိုယ်တိုင် သွားရောက်ခွင့်မရတဲ့အတွက် နောက်ထပ်သတင်းရင်းမြစ်တွေရဲ့ လွတ်လပ်တဲ့ အတည်ပြုချက်ကိုတော့ မရရှိဘူးလို့ ဘီဘီစီ သတင်းထောက်ကဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ