ရခိုင်အရေး တရုတ်စီးပွားရေးကို မထိခိုက်

  • 17 စက်တင်ဘာ 2017
Image caption မြန်မာကနေ တရုတ်ကို သွယ်ထားတဲ့ ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်း

ရခိုင်ပြည်နယ်မှာ တရုတ်နိုင်ငံဘက်က ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံထားတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ပိုက်လိုင်းလုပ်ငန်း၊ ရေနက်ဆိပ်ကမ်းလုပ်ငန်းနဲ့ အထူးစီးပွားရေးဇုန်လုပ်ငန်း စတဲ့ လုပ်ငန်းကြီးတွေ ရှိနေပြီး လက်ရှိဖြစ်နေတဲ့ ပဋိက္ခကြောင့် လောလောဆယ် ထိခိုက်မှုတွေ မရှိနိုင်ကြောင်း စီးပွားရေးသုတေသီတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ တရုတ်နိုင်ငံဘက်က လုပ်ဆောင်နေတဲ့ လက်ရှိလုပ်ငန်းတွေဟာ ကမ်းလွန်ပင်လယ်ဘက်မှာ ရှိနေတဲ့အပြင် သဘာဝသယံဇာတ ထုတ်ယူသယ်ပို့တဲ့ လုပ်ငန်းဖြစ်ပြီး လုပ်သားအင်အား သိပ်သုံးစရာမလိုတဲ့အတွက် လက်ရှိပဋိက္ခကြောင့် မထိခိုက်နိုင်ဘူးလို့ မြန်မာ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်းရဲ့ အမှုဆောင်ဒါရိုက်တာ စီးပွားရေးသုတေသီ ဦးဇော်ဦးက သုံးသပ်ပါတယ်။

နောက်ပြီး တရုတ်နိုင်ငံအနေနဲ့ နိုင်ငံရေးမတည်ငြိမ်တဲ့ နိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားတဲ့ အတွေ့အကြုံတွေ ရှိတယ်လို့ သူက ဆိုပါတယ်။

ဒါပေမယ့် ရခိုင်အရေးကို ကုလသမဂ္ဂမှာ အရေးယူဆောင်ရွက်ဖို့ အနောက်နိုင်ငံတွေက အဆိုပြုတဲ့အခါတိုင်း တရုတ်နိုင်ငံက သဘောမတူပါဘူး။ နောက်ပြီး တရုတ်သံအမတ်ကြီးက တရုတ်အစိုးရပိုင် မီဒီယာကနေ ပြောရာမှာ ရခိုင်အရေးဟာ ပြည်တွင်းအရေးသာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီလို ပြောဆိုမှုဟာ တရုတ်အနေနဲ့ ရခိုင်အရေးကို ဒေသတွင်းအသွင်၊ နိုင်ငံတကာအသွင် ပဋိပက္ခတစ်ခု ဖြစ်လာမှာကို မလိုလားတဲ့အတွက်ဖြစ်ကြောင်းနဲ့ ရခိုင်အရေးမှာ နိုင်ငံတကာဘက်က ဝင်ရောက်လာရင် ရခိုင်ပြည်နယ်မှာ လက်ရှိ စီးပွားရေးလက်ဦးမှု ရထားတဲ့ တရုတ်ရဲ့ အကျိုးစီးပွားထိခိုက်လာမှာကို တရုတ်ဘက်က စိုးရိမ်ကြောင်း ဦးဇော်ဦးက ပြောပါတယ်။

နောက်ပြီး ပဋိပက္ခကြောင့် အထူးစီးပွားရေးဇုန်တွေ၊ စက်မှုဇုန်တွေ မစနိုင်သေးရင်တော့ အဲဒီကနေ တဆင့် အလုပ်အကိုင်အခွင့်အလမ်းတွေ၊ ဒေသဖွံ့ဖြိုးရေးတွေ မရှိနိုင်ဘူးဆိုရင် ရခိုင်ပြည်သူတွေအပါအဝင် မြန်မာပြည်သူတွေကို ထိခိုက်နိုင်တယ်လို့ သမ္မတဦးသိန်းစိန်လက်ထက်မှာ သမ္မတရဲ့ စီးပွားရေးအကြံပေးလည်း လုပ်ခဲ့ဖူးတဲ့ ဦးဇော်ဦးက သုံးသပ်ပါတယ်။