အကောင်အထည်ဖော်ရေး ကော်မတီစတင်ကွင်းဆင်း

  • 18 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ချိန်က မောင်တောကနေ စစ်တွေကို ရောက်လာခဲ့တဲ့ ဒုက္ခသည်များ

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဝင်တွေ စက်တင်ဘာလ ၁၈ ရက်နေ့က ရခိုင်ပြည်နယ်ကို စတင်သွားရောက် ကွင်းဆင်း လေ့လာနေပြီ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၂ရက်နေ့က အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းလိုက်တဲ့ အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီရဲ့ ကော်မတီဝင်တွေ ရခိုင်ကို သွားရောက်ရတဲ့ အကြောင်းအရင်းက ပြည်သူတွေ အတွက် အမှန်တကယ် အကျိုးရှိမယ့် အချက်တွေနဲ့ လက်တွေ့လုပ်ဆောင်ဖို့ ကိစ္စတွေကို ဦးစားပေးဆောင်ရွက်မှာ ဖြစ်လို့ မြေပြင် အခြေ အနေကို သိအောင် ကွင်းဆင်းလေ့လာတာလို့ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အာနန် ကော်မရှင်နဲ့ ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ကော်မရှင်တို့က ဆောင်ရွက်ဖို့အကြံပြုထားတဲ့ အချက် ၁၀၀ ကျော်ရှိပါတယ်။

အဲဒီအချက်တွေ ထဲက လမ်းတံတားတွေ ပြုပြင်ဖို့ ၊ နယ်စပ်စည်းရိုး ခတ်ဖို့ ၊ ၁၉၈၂ ခုနှစ် နိုင်ငံသားစိစစ်ရေး ဥပဒေအရ စိစစ်ဖို့ ကိစ္စရပ်တွေက ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်သွားမယ့်အထဲမှာ ပါဝင်လာဖို့ရှိတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ကော်မတီအဖွဲ့ဝင် လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ပြန်လည် နေရာချ ထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်က ပထမနေ့မှာ တိုင်းရင်းသားတွေရှိရာ ကျောက်တော်က ဒုက္ခသည် စခန်းတွေကို သူတို့ သွားရောက်ခဲ့ပြီး နောက်တစ်နေ့မှာ ဘူးသီးတောင်နဲ့ မောင်တောဘက်ကို သွားမယ်လို့ ပြောပါတယ်။

အဲဒီဘက်မှာ တိုင်းရင်းသားတွေရှိရာ စခန်းတွေကိုရော အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ မပါဘဲ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ဘင်္ဂလာလီရွာတွေကိုလည်း သွားမယ်လို့ သူက ပြောပါတယ်။

သူတို့ ပြောပြတဲ့ နှစ်ဖက် လိုအပ်ချက်တွေကို နားထောင်ပြီး ဒေသခံ ပြည်သူတွေ တိုက်ရိုက် အကျိုးရှိမယ့် လုပ်ငန်းတွေကို ဆောင်ရွက်ပေးမယ်လို့ ဦးစိုးအောင်ကပြောပါတယ်။

ဒီခရီးစဉ်ကနေ တွေ့ရှိချက်တွေကို အခြေခံပြီး ရခိုင်ပြည်နယ်ဆိုင်ရာ မဟာဗျူဟာ စီမံချက်ကို နှစ်ပတ်အတွင်း ရေးဆွဲ အကောင်အထည်ဖော်သွား မှာလည်းဖြစ်ပါတယ်။

အခုလို ဆောင်ရွက်နေချိန်မှာပဲ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က အနောက်ပြင်နဲ့ ညောင်ပင်ကြီးဆိုတဲ့ မွတ်ဆလင် ကျေးရွာနှစ်ရွာမှာ ရိက္ခာပြတ်လပ် နေတယ်ဆိုတဲ့ သတင်းတွေ ပြည်ပ သတင်းမီဒီယာတွေမှာ ထွက်ပေါ်လာ ပါတယ်။

မြို့နယ် အုပ်ချုပ်ရေးမှူးဦးကျော်သူကတော့ အဲဒီရွာတွေမှာ ဆန်နဲ့ စပါးတွေ ရှိနေတာ သိထားပြီး ရိက္ခာပြတ်တယ်လို့ သူတို့ဆီကို သတင်းပေးပို့တာတော့ မရှိဘူးလို့ ပြောပါတယ်။