ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကို သံတမန်တွေ ဘယ်လိုမြင်လဲ

  • 19 စက်တင်ဘာ 2017
Image caption စက်တင်ဘာ၅ ရက်နေ့ နောက်ပိုင်း တိုက်ပွဲတွေနယ်မြေ ရှင်းလင်းမှုတွေ မရှိတော့ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြော

စက်တင်ဘာလ ၁၉ ရက်နေ့က ဒေါ်အောင်ဆန်း စုကြည် ပြောခဲ့တဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းပြောတဲ့ အခမ်းအနားကို ပြည်ပ အခြေစိုက် သံရုံး ၄၀ ကျော်နဲ့ ပြည်တွင်း အခြေစိုက် သံရုံး ၆၀ က သံအမတ်ကြီးတွေ သံရုံး အရာရှိကြီးတွေ တက်ရောက်ခဲ့ပါတယ်။

အဲဒီလို တက်ရောက်သူများ ထဲမှာပါတဲ့ မြန်မာ နိုင်ငံဆိုင်ရာ ဘင်္ဂလားဒေရှ့် သံအမတ်ကြီးက သူတို့ အနီးကပ် စောင့်ကြည့် လေ့လာနေကြောင်းနဲ့ ဒေါ်အောင်ဆန်း စုကြည့်ရဲ့ ဆောင်ရွက်မှုက အပြုသဘော ဆောင်ပြီး အားရကျေနပ်ဖို့ ကောင်းတယ်လို့ ပြောပါတယ်။

မြန်မာအစိုးရ အနေနဲ့နိုင်ငံတကာ သံတမန်တွေကို ရခိုင်ဒေသကို သွားရောက် လေ့လာဖို့ ဖိတ်ခေါ်တာ ဟာလည်း ကောင်းမွန်တဲ့ လုပ်ဆောင်မှု ဖြစ်တယ်လို့ တက်ရောက်လာကြတဲ့ သံတမန် တချို့က ပြော ပါတယ်။

မြန်မာ့ အိမ်နီးချင်း တရုတ်နိုင်ငံ သံအမတ်ကြီး ကလည်း ရခိုင်ပြည်နယ် အရေးဟာ ရှုပ်ထွေးတဲ့ ကိစ္စ ဖြစ်တယ်၊ စိတ်ရှည်ရှည်နဲ့ အချိန်ယူ လုပ်ဆောင်ရမယ်၊ သက်ဆိုင်တဲ့ အသင်းအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့လည်း အပြုသဘောဆောင်တဲ့ ကူညီဆောင်ရွက်မှုတွေ ပေးဖို့လိုတယ်လို့ တရုတ်နိုင်ငံ သံအမတ်ကြီးက ပြောပါတယ်။

တရုတ်အစိုးရရဲ့ပေါ်လစီက ရှင်းတဲ့ အကြောင်းနဲ့ ရခိုင်ပြည်နယ်မှာ တည်ငြိမ် အေးချမ်းရေး ပြန်လည် ရရှိအောင် လုပ်နေတဲ့ မြန်မာအစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်တွေကို ထောက်ခံအားပေးတယ်လို့ ဘီဘီစီကို ပြောပါတယ်။

တခြား သံတမန် တွေကလည်း ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ပြဿနာ တွေကိုငြိမ်းချမ်းရေးနည်း၊ နိုင်ငံရေး နည်းနဲ့ပဲ ဖြေရှင်းလို့ရနိုင်ပြီး အကြမ်းဖက်နည်းနဲ့ဖြေရှင်းလို့မရဘူး ပြောကြပါတယ်။

ရုရှား နိုင်ငံ ကလည်း အကြမ်းဖက်မှုတွေကို ရှုတ်ချပြီး မြန်မာ အစိုးရရဲ့လုပ်ဆောင်မှု တွေကို ထောက်ခံတယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားသံအမတ်ကြီးက ပြောပါတယ်။

မြန်မာ နိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို မြန်မာ အစိုးရကသာ ရင်ဆိုင် ဖြေရှင်း ရမှာ ဖြစ်လို့ အပြင်ကနေ လိုရာဆွဲ ပြောကြတာတွေကို မြန်မာ အစိုးရက လက်မခံတာ သဘာဝ ကျကြောင်းနဲ့ ရုရှား အနေနဲ့ မြန်မာ နိုင်ငံကို ထောက်ခံတယ်လို့ ရုရှား သံအမတ်ကြီးက ပြောပါတယ်။

ရခိုင်ပြည်နဲ့ပြဿနာဟာ အလွန် ရှုပ်ထွေးတဲ့အတွက် အချိန်ယူ ဖြေရှင်းရမှာ ဖြစ်တယ် ဆိုတာကိုလည်း သံတမန် တချို့ကမှတ်ချက်ပေးကြပါတယ်။