အပစ်ရပ်စောင့်ကြည့်ရေး ကော်မတီမှာ တတိယ အင်အားစုဆိုတာ မရှိလို့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ပြော

  • 21 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် JMC- FB
Image caption ရန်ကုန်မှာ ကျင်းပနေတဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်မှုကော်မတီ အစည်းအဝေး

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC မှာ တတိယ စောင့်ကြည့်တဲ့ အင်အားစုတွေ ပါစရာမလိုသေးဘူးလို့ ဂျေအမ်စီရဲ့ ပြည်ထောင်စုအဆင့် ဥက္ကဌ အဖြစ် တာဝန်ယူထားတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စောင့်ကြည့်မှုလုပ်ငန်းစဉ်တွေ ပိုမို ခိုင်မာလာရေးအတွက် နိုင်ငံတကာက စောင့်ကြည့်သူတွေအပါအဝင် တတိယအင်အားစုတွေပါဝင်ပေးဖို့ တိုင်းရင်းသားတွေဘက်က တောင်းဆိုနေချိန်မှာ တတိယအဆောက်အုံရယ်လို့ မရှိဘူးလို့ တပ်မတော်ကိုယ်စားလှယ်က ပြောဆိုလာတာဖြစ်ပါတယ်။

JMC မှာတတိယ အဆောက်အဦးမရှိပါဘူး ပဋိပက္ခခံစားနေရတဲ့ ပြည်သူလူထုက တရားသူကြီးအဖြစ် ဦးဆောင်ဆောင်ရွက်သွားတယ်။ ပြည်သူက ဦးဆောင်နိုင်မှုဟာကျွန်တော်တို့ ရေးဆွဲထားတဲ့ စည်းမျဉ်းတွေကြောင့်ဖြစ်ပြီး နောက်ပိုင်းမှာ နိုင်ငံတကာက ကျင့်သုံးလာနိုင်တဲ့ ပုံစံမျိုးလည်းဖြစ်လာတယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ပြောပါတယ်။

ပြည်သူတွေကို အဓိက ဦးတည်ပြီး တရားသူကြီးအဖြစ် ဆောင်ရွက်ခိုင်းစေခြင်းအားဖြင့် ပိုမို ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေးတွေ ပေါ်ပေါက်လာမယ်လို့လည်း သူက ဆိုပါတယ်။

ဂျေအမ်စီမှာ ဥက္ကဌ အဖြစ် တာဝန်ယူနေသူရဲ့ အခုလို ပြောဆိုချက်က ဘယ်လိုသဘောဆောင်ပါသလဲ။

လက်ရှိ အခြေအနေကို ပြန်ကြည့်မယ်ဆိုရင် အန်စီအေ အပစ်ရပ်ပြီးသား တိုင်းရင်းသား အဖွဲ့တချို့ကကော မရပ်ရသေးတဲ့ UNFC လို တိုင်းရင်းသား လက်နက်ကိုင်တွေကပါ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး လုပ်ငန်းစဉ်တွေမှာ နိုင်ငံတကာက တတိယအင်အားစု အနေနဲ့ ပါဝင်ဖို့ တောင်းဆိုနေချိန်လည်းဖြစ်ပါတယ်။

တိုင်းရင်းသားအဖွဲ့တချို့ကတော့ တပ်မတော်က ဂျေအမ်စီရဲ့ ကော်မတီ အားလုံးမှာ ဥက္ကဌ ရာထူးရယူထားမှုအပေါ် ဝေဖန်မှုတွေ ရှိခဲ့ပြီး အာစီအက်စ်အက်စ် ရှမ်းပြည်တပ်မတော်နဲ့ အစိုးရတပ်အကြား အန်စီအေ အပစ်ရပ်ထိုးပြီး တိုက်ပွဲ ၃၀ လောက်ဖြစ်ခဲ့ပါတယ်။ ဂျေအမ်စီ ဒုတိယ ဥက္ကဌ ကေအန်ယူမှ ဗိုလ်ချုပ် စောအိုက်ဇက်ဖိုး ကတော့ နှစ်ဘက်ယုံကြည်မှုကျလာတဲ့အပေါ် စိုးရိမ်ပူပန်မိတယ်လို့ ပြောပါတယ်။

ဂျေအမ်စီမှာ နိုင်ငံတကာ အခန်းကဏ္ဍပါဝင်ဖို့ဆိုတာ အပစ်ရပ်အဖွဲ့တွေအနေနဲ့ ဂျေအမ်စီ စတင်ဖွဲ့စည်းစကတည်းက ဆွေးနွေးခဲ့တဲ့ ကိစ္စဖြစ်ပြီး အချိန်ယူရဘွယ်ရှိနေတယ်။ အရေးကြီးတာက ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာ ပါဝင်နေသူတွေ အကြားမှာ ယုံကြည်မှုရှိရှိနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ပိုမို ခိုင်ခိုင်မာမာနဲ့ အကောင်ထည်ဖော်နိုင်ဖို့က ပိုအရေးကြီးတယ်။ နိုင်ငံတကာက တတိယ အင်အားစုအနေနဲ့ပါဝင်လာရင်လည်း ပိုကောင်းလာမယ်။ ဒီလိုတောင်းဆိုနေရတာတွေကလည်း မယုံကြည်မှုတွေအပေါ် အခြေခံဖြစ်နေရတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးရဲ့ ဗဟိုကော်မတီဝင် ဆလိုင်းယောအောင်က ဘီဘီစီကို ပြောပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့က စတင်ကျင်းပနေတဲ့ ရန်ကုန်က ဆွေးနွေးပွဲမှာ ဒေသခံ အရပ်သားပြည်သူတွေပါဝင်တဲ့ အရပ်သားစောင့်ကြည့်သူများ အဖွဲ့တွေ ဖွဲ့နိုင်ဖို့ ထိတွေ့မှုတွေ ရှောင်ရှားနိုင်ဖို့အတွက် လက်နက်ကိုင်တွေ နေရာချထားမှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေး ၊ ကုလသမဂ္ဂရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အစီအရင်ခံစာကို တင်ပြဆွေးနွေးမှုတွေ ပြုလုပ်ကြမှာဖြစ်ပါတယ်။